ဘယ်ခြမ်းတကြော ဆရာကြီး ဖြစ်တဲ့ ပေါင် ၄၅ သန်းတန် ကစားသမားကို မန်စီးတီးနဲ့ ချယ်လ်ဆီး အပြိုင် ကြိုးစားနေ

ဘရိုက်တန် အသင်းမှာ ခြေစွမ်းပြသနေတဲ့ ကူကူရယ်လာ ကို ခေါ်ယူဖို့ မန်စီးတီးနဲ့ ချယ်လ်ဆီး အသင်းတို့က အပြိုင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဘရိုက်တန် အသင်းကတော့ ကူကူရယ်လာ ကို ပေါင်(၄၅)သန်း ဈေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ ကစားသမားဟာ ဘယ်ခြမ်း တကြော ဆရာကြီး တစ်ဆူ ဖြစ်နေပြီး ကွင်းလယ်ရော တောင်ပံထိပါ ထွက်ကာ နေရာအများအပြားမှာ ကစားနိုင်တာဖြစ်ပါတယ်။

စပိန်ကစားသမားဟာ ဘရိုက်တန် အသင်းအတွက် ကစားတဲ့ ပထမရာသီမှာတင် ခြေစွမ်းပြသခဲ့ပြီး ကလပ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။

ကူကူရယ်လာဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန် အသင်းအတွက် ပရီးမီးယားလိဂ်(၃၅)ပွဲ ပွဲစတည်းက ပါဝင်ခွင့်ရခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၉)နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

မန်စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားမလားလို့ မေးမြန်းခဲ့တာမှာ ကူကူရယ်လာ က အသင်းကြီးတစ်သင်းက ကမ်းလှမ်းတာကို ငြင်းပယ်ဖို့ ခက်ခဲတယ်လို့ ဖြေဆိုထားခဲ့ပါတယ်။မန်စီးတီး အသင်းဟာ အစောပိုင်းထဲက စပိန်နောက်ခံလူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာပါ။

အခုအချိန်မှာ ချယ်လ်ဆီး အသင်းကပါ ပေါင်(၄၅)သန်းပေးပြီး ခေါ်ယူဖို့ မန်စီးတီး အသင်းနဲ့ အပြိုင်ကြိုးစားနေတယ်လို့ သိရပါတယ်။ချယ်လ်ဆီး အသင်းရဲ့ ဘယ်နောက်ခံလူ ဖြစ်တဲ့ အလွန်ဆို ဟာ အခုနွေရာသီမှာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဘရိုက်တန် အသင်းဟာ ကူကူရယ်လာ ကို ဂီတာဖေး အသင်းဆီကနေ ပေါင်(၁၅.၄)သန်းပေးပြီး ခေါ်ယူခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်ခဲ့မယ်ဆိုရင် အသင်းဟာ အကျိုးအမြတ်များစွာ ရရှိမှာလည်း ဖြစ်ပါတယ်။

ကူကူရယ်လာ ဟာ ဘာစီလိုနာ အသင်းလူငယ်ကစားသမားဖြစ်ပေမယ့် စပိန်ကလပ်မှာ ခြေစွမ်းပြခွင့်မရခဲ့ဘဲ အီဘာ၊ဂီတာဖေး အသင်းတွေထံ အငှားချခဲ့တာပါ။ ဂီတာဖေး အသင်းက အပြီးသတ်ခေါ်ယူခဲ့ပြီး မနှစ်ကနွေရာသီမှာ ဘရိုက်တန် အသင်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။