စတာလင်း ကို အမှန်အကန် စိတ်ဝင်စားနေတဲ့ ချယ်ဆီးကတော့ ကမ်းလှမ်းမှု ပြုလုပ်ပါတော့မယ်
ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူချယ်က လာမယ့် ဘောလုံးရာသီ အတွက် အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ မန်ချက်စတာ စီးတီးနဲ့ အနာဂတ် မရေရာတဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။
လက်ရှိမှာ ချယ်လ်ဆီးက ပူလီဆစ် ၊ တီမိုဝါနာနဲ့ ဇီရက်ဇ်တို့လို တောင်ပံတိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင် ထားပေမယ့် ဇီရက်ဇ်နဲ့ ပူလီဆစ်တို့ဟာ မကြာခဏ ဆိုသလို ဒဏ်ရာရလေ့ ရှိသလို တီမိုဝါနာရဲ့ ခြေစွမ်းပိုင်းကလည်း တည်ငြိမ်မှု မရှိပါဘူး။
ဒါကြောင့် တူချယ်က လာမယ့် နွေအပြောင်းအရွှေ့မှာ ပူလီဆစ် ၊ တီမိုဝါနာနဲ့ ဇီရက်ဇ်တို့ သုံးဦးထဲက နှစ်ဦးကို ရောင်းချကာ အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေတာပါ။
အသက် ၂၇နှစ် အရွယ် ရာဟမ် စတာလင်းက မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို မန်ချက်စတာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာသေးပါဘူး။ မန်ချက်စတာ စီးတီးက စတာလင်းကို ရောင်းချဖို့ လမ်းဖွင့်ထားသလို စတာလင်းကလည်း သင့်တော်မယ့် ကမ်းလှမ်းမှု တရပ် ရလာရင် မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ သောမတ် တူချယ် ရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ စတာလင်းလည်း ပါဝင်နေကြောင်း သိရပါတယ်။
လန်ဒန်မြို့ အခြေစိုက် Football London သတင်းဌာနကလည်း တူချယ်က စတာလင်းကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်မှုတွေ လုပ်နေကြောင်း အတည်ပြုပေးထားပြီး ချယ်လ်ဆီးက မကြာခင်မှာပဲ စတာလင်း အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။