လာလီဂါ ထိပ်သီးကလပ် ၃သင်းနဲ့ ဘိုင်ယန်ကပါ အပြိုင် ပစ်မှတ်ထားလာတဲ့ မန်စီးတီး တိုက်စစ်မှုး

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်စီးတီး တိုက်စစ်မှုး စတာလင်ကို လာလီဂါ ထိပ်တန်းအသင်း ၃ သင်း ဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့က စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

စတာလင်ဟာ စီးတီးအသင်းနဲ့အတူ ဆုဖလား ၉ လုံးအထိ ရယူထားနိုင်ခဲ့ပြီး စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းက ၁၂ လ သာ ကျန်တော့တာဖြစ်ကာ ပြည်တွင်းနဲ့ ပြည်ပကလပ် အသင်း တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ်။

၎င်းကို လာလီဂါမှ ရီးရဲလ် ၊ ဘာစီလိုနာ နဲ့ အက်သလက်တီကိုတို့အပြင် ချဲလ်ဆီးအသင်းကလည်း အင်္ဂလန်သားကို စိတ်ဝင်စားနေကာ အခုနွေရာသီမှာ စတာလင်တစ်ယောက် စီးတီးကနေ ထွက်ခွာဖို့များနေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းကလည်း တိုက်စစ်ပိုင်းအတွက် စတာလင်ရဲ့အခြေအနေကို စောင့်ကြည့်နေသလို အခြား တစ်ဖက်မှာလည်း ရီးရဲလ်က အဓိကပစ်မှတ် မက်ပီတစ်ယောက် ပီအက်စ်ဂျီမှာ ဆက်နေခဲ့တဲ့အနေအထားမှာ စတာလင်ကို မျက်စိကျလာခဲ့တာဖြစ်ပါတယ်။

စတာလင်ကတော့ လာမယ့်ဇွန်လမှာကစားမယ့် အင်္ဂလန်အသင်းနေရှင်းလိဂ်ပွဲ ၄ ပွဲပြီးမှသာ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

စတာလင်ဟာ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်း ယူရိုဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး အခုအပတ်မှာ ဟန်ဂေရီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ဖို့အတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိခဲ့ဖို့ လိုအပ်နေတယ်လို့ စတာလင်က ယုံကြည်နေပါတယ်။

အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့အတွက်တော့ စတာလင်အတွက် ပွဲထွက်ခွင့်ရဖို့က ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်လာဖွယ် ရှိနေပါတယ်။ စတာလင်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တုန်းက ရီးရဲလ်နဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့ပဲ မာရက်ဇ် နဲ့ ဂျီးဆပ်စ်တို့သာ ပါဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်ခဲ့သလို စီးတီးအသင်းရဲ့ထိပ်တန်းဂိုးသွင်း ၁၀ ဦး စာရင်း ထဲမှာလည်း ပါဝင်လာခဲ့ပါတယ်။

စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့အနေအထားမှာ စတာလင်က စာချုပ်သစ် အဆင် မပြေခဲ့ရင် စီးတီးကနေ ထွက်ခွာဖို့တောင်းဆိုဖွယ် ရှိနေကာ ဥရောပ ထိပ်သီး အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။