ဟာလန်းအပြင် ဒီနွေမှာ ကစားသမားသစ်တွေအဖြစ် မန်စီးတီးကို ပြောင်းရွှေ့လာမယ့်သူများ

မန်စီးတီး ဥက္ကဌ အယ် မူဘာရက် ကိုယ်တိုင်က နောက်ထပ် ကစားသမားသစ်တွေ ထပ်မံ ရောက်ရှိလာဦးမယ့် အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ထုတ်ဖော် ပြောဆိုထားခဲ့ပြီးပါပြီ။

ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဟာ ဥရောပ ရဲ့ အလားအလာအကောင်းဆုံး တိုက်စစ်မှုး ဟာလန်း ကို အားဖြည့်ရုံနဲ့ ကျေနပ် အားရခြင်း မရှိသေးဘူးဆိုတာ သေချာပါတယ်။

လက်ရှိမှာ လမ်းခွဲသွားပြီ ဖြစ်တဲ့ ဘရာဇီးသားကြီး ဖာနန်ဒင်ဟို ရဲ့ နေရာကို အစားထိုးဖို့ လိဒ် ယူနိုက်တက် က ကယ်ဗင် ဖီးလစ် ကို ပစ်မှတ် ထားနေသလို ၊ ဘရိုက်တန် က စပိန် ဘယ်နောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အကြောင်းလဲ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

လိဒ် ယူနိုက်တက်ဟာ တန်းဆင်းဖို့ အန္တရာယ် ကနေ သီသီလေး လွှတ်မြှောက်ခဲ့ပြီး နောက်မှာတော့ ဘဏ္ဍာရေး ဆိုင်ရာ ကိန်း ဂဏန်းတွေ ပြန်လည် တောင့်တင်းသွားလို့ ကယ်ဗင် ဖီးလစ် ကို လွယ်လွယ် နဲ့ လက်လွှတ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မန်စီးတီး အနေနဲ့ ကစားသမားကို စည်းရုံးနိုင်တယ် ဆိုရင်တောင် အပြောင်းအရွှေ့ ကိစ္စတွေက ခက်ခက်ခဲခဲ ညှိနှိုင်းရဖွယ် ရှိနေပါတယ်။

ကူကူရယ်လာ ကတော့ ဂီတာဖေး ကနေ ဘရိုတ်တန် အသင်းဆီ ပြောင်းရွှေ့လာပြီး နောက်ပိုင်း ဒီရာသီ အကောင်းဆုံး ကစားသမားဆု ရတဲ့ အထိ ခြေစွာခဲ့သူ ဖြစ်လို့ ၊ ဘရိုတ်တန် ကလဲ လွယ်လွယ်နဲ့တော့ လက်လွှတ်မှာ မဟုတ်ပါဘူး။

သို့သော် မန်စီးတီး ဟာ သူတို့ရဲ့ ဘယ်တောင်ပံ ခံစစ်ကို ဖြည့်တင်းဖို့ အတွက် အဆိုပါ စပိန် ကစားသမားကို အမှန်အကန် စိတ်ဝင်စားနေပါတယ်။

တကယ်လို့ ကူကူရယ်လာ သာ ရောက်ရှိလာမယ် ဆိုရင် ဇင်ချန်ကို ရဲ့ ကစားခွင့်က ကန့်သတ်ချက်တွေ ပိုပြီးများသွားမှာ ဖြစ်တာကြောင့် ၊ ယူကရိန်း သားဟာ အသင်းပြောင်းဖွယ် ရှိနေပြီး အဲဗာတန် ၊ နယူးကာဆယ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။