မန်စီးတီး ပစ်မှတ်ကို အပြိုင် ချိတ်ဆက်ဖို့ စိတ်ဝင်စားလာတဲ့ လီဗာပူးနဲ့ မန်ယူ

လီဗာပူးနည်းပြကြီး ဂျာဂန်ကလော့ပ်ကတော့ ဒီနွေရာသီမှာ လိဒ်စ်ယူနိုက်တက်က ကယ်ဗင်ဖီးလစ်ကို မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာနဲ့အပြိုင် ခေါ်ယူဖို့ အသင့်ပဲလို့ သိရပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဖာနန်ဒင်ဟိုကို လက်လွှတ်ခဲ့ရပြီးနောက် အင်္ဂလန်အသင်းမှာ အားထားရတဲ့ ဗဟိုကွင်းလယ်ကို ခေါ်ယူဖို့ မျက်စိကျလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်ကလည်း ၂၆ နှစ်သားကို နှစ်သက်သူဖြစ်ပြီး မန်စီးတီးနဲ့အပြိုင် လိဒ်စ်ယူနိုက်တက်ထံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ဖီးလစ်နဲ့ လိဒ်စ်တို့ ကြားမှာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးတာကြောင့် သူ့ရဲ့ အနာဂတ်က မသေချာသေးပါဘူး။ လိဒ်စ်ဘက်ကတော့ ဖီးလစ်ကို လက်မလွှတ်ချင်ပေမယ့် ချန်ပီယံလိဂ် ကစားရမယ့် အချက်က ဖီးလစ်ကို တော်တော်လေး ဆွဲဆောင်နေပါတယ်။

လီဗာပူးကတော့ မိုနာကိုက ချူအာမီနီကို နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ပြင်သစ်သားက ရီးရဲလ်မက်ဒရစ်ကို ရောက်ဖို့ များနေပါတယ်။ အဲ့ဒါကြောင့် အရန်ပစ်မှတ်တွေကို ပြောင်းလဲ စဉ်းစားလာရပြီး ဖီးလစ်ကလည်း အဲ့ဒီထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

ဖီးလစ်ဟာ ယူရို ၂၀၂၀ မှာ အင်္ဂလန်အသင်းရဲ့ အဓိကကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ပြီး အဲ့ဒီပြိုင်ပွဲက ခြေစွမ်းကြောင့်ပဲ အသင်းအတော်များများရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း ဆက်လက် စောင့်ကြည့်နေသလို ဝက်စ်ဟမ်းကလည်း အင်္ဂလန်လက်ရွေးစင်မှာ အတွဲညီခဲ့တဲ့ ဒီကလန်ရိုက်စ်နဲ့ တွဲကစားစေဖို့ ဖီးလစ်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဖီးလစ်ရဲ့ လက်ရှိ ပြောင်းရွှေ့ကြေးကတော့ ပေါင်သန်း ၆၀ ခန့်ရှိနေပြီး ဒီနွေရာသီမှာသာ လိဒ်စ်ကနေ ထွက်ခွာမယ်ဆိုရင်တော့ ဒီပမာဏကို ခေါ်မယ့်အသင်းက ပေးချေရဖို့ များပါတယ်။