ဒီနွေမှာ အနာဂတ်ကိစ္စ ဘယ်လိုလုပ်မလဲ ဆုံးဖြတ်ချက် ချပြီးသွားတဲ့ မန်စီးတီး တိုက်စစ်မှုး စတာလင်
လက်ရှိအချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး လှုပ်ခတ်နေရတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ရာဟင်စတာလင်က ဒီနွေအတွက် သူ့လားရာကို ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။
စတာလင်က အသင်းဘက်ကနေ သူ့ကို စာချုပ်သစ် မကမ်းလှမ်းလာခဲ့ရင်တောင် အခုနွေဈေးကွက်ထဲမှာ အသင်း အပြောင်းအရွှေ့ မလုပ်ဆောင်တော့ပဲ အသင်းအတွက် စာချုပ်ကုန်ဆုံးချိန်ထိ ပါဝင်ကစားပေးပြီးမှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။
အသက်(၂၇)နှစ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား စတာလင်ဟာ ၂၀၁၅ခုနှစ်ကတည်းက လီဗာပူးလ်အသင်းကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေတာဖြစ်ပြီး စီးတီးကို ရောက်ရှိလာခြင်းမှာပဲ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ကစားသမားအင်အား အလွန်တောင့်တင်းတဲ့ စီးတီးအသင်းမှာ စတာလင်ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။
စတာလင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးတီးအတွက် အရေးပါတဲ့ ပွဲစဉ်တွေဖြစ်သော ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့လုံးအပြင် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးအပိတ်ပွဲစဉ်ကိုပါ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ စတာလင်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ပြီး စာချုပ်ကိစ္စကလည်း ရှေ့မတိုးနိုင်သေးပဲ အပြီးသတ်ဖို့ ကြန့်ကြာလျက်ရှိနေသလို အသင်းဘက်က အာလင်း ဟာလန်းနဲ့ ယူလီယန် အဲလ်ဗာရက်ဇ်တို့လို တိုက်စစ်ကစားသမားတွေကို ခေါ်ယူထားလိုက်တာကြောင့် စတာလင်ရဲ့ အနာဂတ်က ဝေဝါးသွားခဲ့ရပါတယ်။
ဒီလို အခြေအနေမျိုး ရှိလာခဲ့တဲ့ စတာလင်ဟာ အာဆင်နယ် ချယ်လ်ဆီးနဲ့ စပါးအသင်းတို့အပြင် ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး စတာလင်အနေနဲ့လည်း သူ့ကို ပုံမှန်နေရာပေးဖို့ မလွယ်ကူနိုင်တဲ့ စီးတီးကနေ ထွက်ခွာဖွယ်ရှိနိုင်တယ်လို့ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
ဒါပေမယ့် တချို့သတင်းတွေမှာတော့ စတာလင်ဟာ သူရဲ့စာချုပ်သက်တမ်း တစ်နှစ်ကို မန်စီးတီးအသင်းနဲ့သာ ဆက်လက်ဖြတ်သန်းသွားဖို့ ဆန္ဒရှိနေသလို အသင်းနဲ့ စာချုပ်ပြည့်သွားချိန်မှသာ အသင်းကနေ free transfer နဲ့ ထွက်ခွာဖွယ် ရှိနေပါတယ်။