အာဆင်နယ် ကြယ်ပွင့် ဆာကာ ကို လီဗာပူးနဲ့ အပြိုင် ဝင်လုတော့မယ့် မန်ချက်စတာ စီးတီး
မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်နဲ့ အင်္ဂလန်ကြယ်ပွင့် ဘူကာယိုဆာကို စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ဆာကာရဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်က နောက်ဆုံး ၂ နှစ်ထဲကို ရောက်ရှိလာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်။
အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဆာကာကို လက်ရှိပရီးမီးယားလိဂ်ရဲ့ အင်အားအကြီးဆုံး ၂ သင်းဖြစ်တဲ့ မန်စီးတီးရော လီဗာပူးကပါ အပြိုင်စောင့်ကြည့်နေကြတာပါ။
ဒီနွေရာသီမှာ ကစားသမားထပ်ခေါ်ဖို့ မသေချာတော့ပေမယ့် စီတီးကဆာကာအပေါ် စိတ်ဝင်စားမှု မြင့်တက် လာတာကြောင့် အာဆင်နယ်အနေနဲ့လည်း သူတို့ကစားသမားကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ကြိုးစားခဲ့ရပါတယ်။
ဆာကာရဲ့ လက်ရှိစာချုပ်မှာ တစ်နှစ်သက်တမ်းတိုးခွင့်ကို ထည့်သွင်းထားတာကြောင့် အာဆင်နယ်သာ ဒီအချက်ကို အသုံးပြုခဲ့ရင်တော့ ၂၀၂၄ ထိ ဆာကာကို အမ်းမရိတ်မှာမြင်တွေ့ရနိုင်ပါတယ်။
ရာသီမကုန်ခင်ကတော့ ဆာကာရဲ့စာချုပ်အတွက် ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဂန်းနားအသင်းကတော့ ဆာကာကို စာချုပ်နောက်ဆုံး ၂ နှစ်ထဲ အရောက်မခံဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်က အသင်းရဲ့နွေရာသီ အစီအစဉ်တွေအပေါ် သက်ရောက်မှုရှိနိုင်တာကိုတော့ သိထားဖို့လိုပါတယ်။ အထူးသဖြင့် ဆာကာဟာ ချန်ပီယံလိဂ်တစ်ခါမှ မကစားဖူးသေးပါဘူး။
အာဆင်နယ်အနေနဲ့ ဆာကာရဲ့ စာချုပ်ကိစ္စတင်မကပဲ လာမယ့်ရာသီမှာလည်း ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်ကို ရာသီကုန်မှ အဆင့် ၄ နေရာကို လွှဲပေးရတာမျိုးထပ်မဖြစ်ဖို့ လိုပါတယ်။ လာမယ့်သောကြာနေ့မှာလည်း အပြောင်းအရွှေ့စတင်ဖွင့်လှစ်ပြီဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ အမြန်ဆုံးလှုပ်ရှားဖို့လိုပါတယ်။
မန်စီးတီး ကတော့ လတ်တလောမှာ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ အာလင်းဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး နောက်ထပ် အသင်းက ထွက်မယ့် ကစားသမားတွေအပေါ် မူတည်ပြီး ကစားသမားသစ် ဖြည့်တင်းမှုတွေကိုလည်း ပြုလုပ်သွားဖို့ရှိနေပါတယ်။
မန်စီးတီးရဲ့ ပြိုင်ဘက် လီဗာပူးကတော့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် ဆာကာကိုကာလရှည် ထိန်းနိုင်ဖို့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။