ဘာနာဒို ဆေးဗားအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်သွားတဲ့ မန်စီးတီး
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဟာ အသင်းရဲ့ အဓိက ကစားသမား ဘာနာဒို ဆေးဗားကို ဆက်ထိန်းနိုင်ရေးအတွက် ဈေးကွက်မှာ ကလပ်တွေ မကမ်းလှမ်းနိုင်မယ့် ဈေးတစ်ခုကို သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။
ပေါ်တူဂီသား ကွင်းလယ်လူ ဘာနာဒိုကို ခေါ်ယူလိုရင် ပေါင် သန်း ၈၀ ထိ ပေးရမယ်လို့ မန်စီးတီးက ဈေးဖြတ်လိုက်တာပါ။ ဒါဟာ သူ့ကို ခေါ်ယူဖို့ အဓိက စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအတွက် ခက်ခဲတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ဖြစ်သွားစေပါတယ်။
ဘာစီလိုနာ နည်းပြဇာဗီဟာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူကို အတော်လေး သဘောကျနေတာပါ။ ဒီနွေမှာ ဒီဂျောင်းကို လက်လွတ်ပြီးရင် အစားထိုးဖို့ ဘာနာဒိုကို ရည်မှန်းနေတာဖြစ်တယ်။ ဒါပေမယ့် သူတို့က မန်စီးတီး ကွင်းလယ်လူကို ပေါင် သန်း ၆၀ ထက် ပိုပေးဖို့ အစီအစဉ် မရှိပါဘူး။
ဘာစီလိုနာဟာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ရှိနေတာကြောင့် လူသစ်ခေါ်ယူရေးတွေအတွက် ကွင်းလယ်လူ ဒီဂျောင်းကို ယူနိုက်တက်ထံ ရောင်းထုတ်ရေး ညိနှိုင်းနေရတာဖြစ်ပါတယ်။
မနှစ်ကရာသီမှာ အက်သလက်တီကိုထံ ကူးပြောင်းဖို့ နီးစပ်ခဲ့တဲ့ ဘာနာဒိုကို အသင်းမှာ ၁ နှစ်ဆက်နေရင် ဈေးကွက်အတွင်း မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရပါက ထွက်ခွင့်ပေးမယ်လို့ မန်စီးတီးဘက်က လျှို့ဝှက်ကတိ ပေးထားခဲ့တာဖြစ်တယ်။
ကိုဗစ်ကပ်ဘေးမှာ အထီးကျန်မှုကို ခံစားခဲ့ရတာက ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ ဘာနာဒို ဆုံးဖြတ်ခဲ့ခြင်း အဓိက အကြောင်းရင်းဖြစ်ပါတယ်။ မန်စီးတီးမှာ အားကစားပိုင်းဆိုင်ရာ ပြဿနာမရှိတဲ့ ကွင်းလယ်လူဟာ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းရေးအတွက် စပိန်မြေကို ထွက်ခွာလိုနေတာပါ။
မန်စီးတီးဘက်ကတော့ မနှစ်ကရာသီ ကလပ်အတွက် ပွဲပေါင်း ၅၀ ကစားပေးခဲ့တဲ့ ဘာနာဒိုရဲ့ ဆန္ဒသဘောအတိုင်း သူ့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးမှာဖြစ်တယ်။ ဒါပေမယ့် ကစားသမားအတွက် တန်ကြေးကို မလျော့ပေးမှုနဲ့အတူ အလိုရှိတဲ့ ကလပ်တွေကို အခက်တွေ့စေဖို့ ရည်ရွယ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်တုန်းက ဘာနာဒိုရဲ့ အနာဂတ်အကြောင်း မေးခံရချိန်မှာ ဂွာဒီယိုလာက ” ဘာနာဒိုကို ခေါ်ယူဖို့ ဘာစီလိုနာအတွက် ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်နေပါလိမ့်မယ် ” လို့ ထုတ်ပြောထားခဲ့သေးတာ ဖြစ်ပါတယ်။