ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ပွဲမှာ ဝင်ကစားခဲ့ပေမယ့် ဘယ်လိုကြောင့် ရုန်းကန်ခဲ့ရသလဲ ဆိုတာ ဂျွန်စတုန်း ဖွင့်ဟ
ပြီးသွားတဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ မန်စီးတီး အသင်းဘက်မှ ဂျာအိုကန်ဆယ်လိုက တစ်ပွဲပယ်ပြစ်ဒဏ်၊ ကိုင်လီဝေါ်ကာက ဒဏ်ရာကြောင့် မကစားနိုင်ခဲ့ပါဘူး။
ဒီလို ဒဏ်ရာနဲ့ ပွဲပယ်တွေကြောင့် မန်စီးတီးပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် လူစာရင်းထဲမှာ ဂျွန်စတုန်းပါဝင်လာတာကြောင့် ပရိသတ်တွေလည်း သက်ပြင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျွန်စတုန်းကစားခဲ့တဲ့ နေရာက ညာနောက်ခံလူ နေရာဖြစ်နေခဲ့ပါတယ်။
ထိုပွဲစဉ်မှာ ရီးရဲလ်ကြယ်ပွင့် ဗီနီစီးရပ်စ်ဂျူနီယာကို ထိန်းရမယ့် မန်စီးတီးရဲ့ ညာနောက်ခံအစွန်လူနေရာက အကြီးမားဆုံး အားနည်းချက်ဖြစ်ခဲ့ပြီး ဒီနေရာမှာ ပွဲထွက်လာတဲ့ ဂျွန်စတုန်းကလည်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပွဲအတွင်းမှာတင် ဖာနန်ဒင်ဟိုနဲ့ လူစားလဲခဲ့ရပါတယ်။
အခုတော့ မန်စီးတီးနောက်ခံလူက ဘရာဇီးတောင်ပံကစားသမားကို ထိန်းရတာ ခက်ခဲကြောင်းနဲ့ ဂိုးမပေးရဖို့ ဘယ်လောက်ထိ ခက်ခက်ခဲခဲ ကစားခဲ့ရကြောင်းကို ထုတ်ဖော် ပြောပြခဲ့ပါတယ်။
စတုန်းက “ ရီးရဲလ်မက်ဒရစ်နဲ့ ပထမအကျော့အတွက် ကျွန်တော်အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ကြံ့ခိုင်မှု မပြည့်ဝ ပေမယ့် ဝင်ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက အန္တရာယ်လည်းများသလို အားမလိုအားမရတဲ့ ဖြစ်ရပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
အင်္ဂလန်သားဟာ ပွဲထဲမှာ မြန်နှုန်းမြှင့် ကစားနိုင်စွမ်းမရှိတာကြောင့် ပွဲချိန် ၃၆ မိနစ်မှာတင် လူစားလဲခံခဲ့ရပြီး ဒုတိယ အကျော့မှာလည်း စိတ်ပျက်စရာရလဒ်နဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင် ၂၈ နှစ်အရွယ် နောက်ခံလူဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာလည်း ကြံ့ခိုင်မှု မပြည့်ဝပဲနဲ့ ညာနောက်ခံလူအဖြစ် ပထမပိုင်း ၄၅ မိနစ်မှာ ကစားခဲ့ပြီး ဒုတိယပိုင်းရောက်မှာ အတွင်းထဲဝင်ပြီး လာပေါ်တေးနဲ့အတူ ဗဟိုခံစစ်ကို ပြောင်းကစားခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဒုတိယအကျော့ကိုတော့ အရန်ခုံကနေသာ ကြည့်ရှုခဲ့ရပေမယ့် ဂျွန်စတုန်းဟာ မန်စီးတီးနဲ့အတူ နောက်ဆုံး ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရရှိခဲ့ပါတယ်။