မန်စီးတီးပရိသတ်တွေနဲ့ မိတ်ဆက်မှုမှာ ဆုဖလားတွေအတွက် စိန်ခေါ်လိုက်တဲ့ ဟာလန်း

မန်စီးတီးဟာ တိုက်စစ်မှူး ဟာလန်းကို ဒေါ့မွန် အသင်းထံကနေ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၁ သန်းပေးပြီး ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် နော်ဝေးလက်ရွေးစင်ဟာ မန်စီးတီးနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ သူ့မျိုးဆက်ထဲမှာ အကောင်းဆုံး တိုက်စစ်သမား တစ်ဦးကို မန်စီးတီးက ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကတော့ ဟာလန်းကို ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာမှုမှာ တိုက်စစ်သမား ငယ်စဉ်တုန်းက မန်စီးတီးဂျာစီနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံထဲက ပုံစံမျိုးအတိုင်း ပြန်လည်ရိုက်ကူးပြီး အသင်းဆီ ရောက်ရှိလာကြောင်းကို တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။

ဖခင်ဖြစ်သူ ကစားခဲ့တဲ့ အသင်းကို ငယ်စဉ်တည်းက အားပေးခဲ့ရပြီး မန်စီးတီး ပရိသတ်တစ်ဦးပါလို့ ဟာလန်းက သူ့ရဲ့ ကစားသမားဘဝ မိတ်ဆက်မှုမှာ ထုတ်ပြောခဲ့တယ်။ ဒါ့အပြင် မန်စီးတီးကို ပြောင်းလာတာ ဆုဖလားတွေ အောင်မြင်ဖို့လို့လည်း ထုတ်ပြောခဲ့ပါတယ်။

ဟာလန်းက ” မန်စီးတီးဟာ ကျနော်အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ပါတယ်။ အသင်းထံ ပြောင်းနိုင်ခဲ့တဲ့အပေါ်မှာလည်း ဂုဏ်ယူမိပါတယ်။

အသင်းမှာ ကမ္ဘာအဆင့် အသင်းဖော်တွေ အများကြီးရှိနေသလို နည်းပြ ပက်ဂွာဒီယိုလာကလည်း ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။

ကျနော်ရဲ့ ရည်မှန်းချက်တွေကို ပြီးမြောက်စေမယ့် ကောင်းမွန်တဲ့ နေရာကို ရောက်လာခ့တာလို့ ယုံကြည်ထားပါတယ်။

ကျနော် ဂိုးတွေ အများကြီး သွင်းယူချင်သလို ဆုဖလားတွေကိုလည်း အောင်မြင်ချင်ပါတယ်။ ပိုပြီးလည်း တိုးတက်လာချင်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဟာလန်းအပြင် အဲဗာရက်စ်ကိုလည်း ခေါ်ယူထားခဲ့ပြီဖြစ်ကာ ထပ်ပြီးလည်း ကွင်းလယ်လူတစ်ဦးနဲ့ ဘယ်အစွန်လူ တစ်ဦးတို့ကို ခေါ်ယူဖို့ ကြိုးစားနေသေးတာ ဖြစ်ပါတယ်။