ဟာလန်း ခေါ်ယူမှု အပြီး နောက်ထပ် ကစားသမားသစ် တစ်ယောက် ထပ်ရဖို့ မန်စီးတီး နီးစပ်နေ
မန်ချက်စတာစီးတီးအသင်းဟာ နော်ဝေ လက်ရွေးစင် တိုက်စစ်မှုး အာလင်း ဟာလန်းကို ခေါ်ယူမှု အတည်ပြုပြီး မကြာခင်မှာပဲ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှု အပြီးသတ်နိုင်အောင် အရှိန်မြှင့် လှုပ်ရှားနေပါတယ်။
မန်စီးတီးဟာ လီဂူး တူး ကလပ် လီဟာဗေးအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမားလေး အစ်ဆက်တိုရေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ပြင်သစ်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ပြင်သစ်လူငယ်ကစားသမားလေး တိုရေးဟာ ဗဟိုခံစစ် နေရာမှာ ကစားသူဖြစ်ပြီး ၂၀၁၄ခုနှစ်ကတည်းက လီဟာဗေး လူငယ်အသင်းမှာ ပါဝင်လာခဲ့သလို ၂၀၂၀မှာပဲ အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ပါ ချုပ်ဆိုဖြစ်ခဲ့ပါတယ်။
အသက်ငယ်ရွယ်သေးပေမယ့် အရည်အသွေးကောင်းတွေ ပြသထားနိုင်တာကြောင့် တိုရေးကို ဥရောပ ကလပ် အသင်းတွေက မျက်စိကျလာခဲ့ပြီး လက်ရှိမှာတော့ ဒီအသင်းတွေအားလုံးထက် မန်စီးတီးက လက်ဦးမှု ရယူနိုင်ခဲ့ပြီး တိုရေးကို ခေါ်ယူနိုင်ဖို့ သေချာသလောက် ရှိလာခဲ့ပြီဖြစ်တဲ့အပြင် ခေါ်ယူပြီးသွားရင်လည်း City Football Group ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လီဂူးကလပ် ထရွိုင်စ်အသင်းဆီ တစ်ရာသီလောက် အငှားချသွားဖွယ်ပါ ရှိနေပါတယ်။
ဗဟိုခံစစ် ကစားသမားလေး တိုရေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သူရဲ့လီဟာဗေးအသင်းအတွက် လိဂ် ပွဲစဉ်ပေါင်း (၁၇)ပွဲ ပါဝင်ကစားခဲ့သလို ပြင်သစ်ယူ-၁၉အသင်းအတွက်ကိုလည်း (၆)ပွဲထိ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
ဘယ်ခြေအားသန်တဲ့ ပြင်သစ်-အိုင်ဗရီကို့စ်နွယ်ဖွား တိုရေးဟာ လီဟာဗေးအသင်းနဲ့ ၂၀၂၃ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်သလို လီဟာဗေးနဲ့လည်း သက်တမ်းတိုးတော့မှာ မဟုတ်တာကြောင့် အခုနှစ်နွေမှာပဲ တန်ကြေး ထက် ဈေးလျှော့ ရောင်းချရတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် မန်စီးတီးအသင်းဘက်က တိုရေးကို အရခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး ခေါ်ယူနိုင်ပြီဆိုရင်လည်း သူတို့အသင်းနဲ့ အကျိုးတူ အသင်းဖြစ်တဲ့ ထရွိုင်စ်အသင်းဆီ အငှားချသွားမှာ ဖြစ်ပါတယ်။
လာမယ့် ရာသီအတွက် အင်အားဖြည့်မှု အဖြစ် တိုက်စစ်မှာ ဟာလန်းနဲ့ အဲလ်ဗာရက်ဇ်တို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့ မန်စီးတီးဟာ ကွင်းလယ်ပိုင်းအတွက်ကိုလည်း လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ပေါင်သန်း(၆၀)ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။