မန်ယူ ခေါ်မရခဲ့တဲ့ အင်္ဂလန်သား ကွင်းလယ်သမားကို မန်စီးတီးက အချိန်ပေး ကြိုးစားခေါ်ယူဖို့ လှုပ်ရှားနေပါပြီ
မန်စီးတီးအသင်းဟာ လိဒ်စ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူနိုင်ရေး အစွမ်းကုန် ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဖိလစ်ကို စီးတီးရဲ့ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကလည်း ကြိုးစားခဲ့သေးပြီး ခေါ်ဖို့ မအောင်မြင်ခဲ့ပါဘူး။
The Times သတင်း အဆိုအရ မန်စီးတီးဟာ အင်္ဂလန်ကွင်းလယ်လူကို လာမယ့်လ အမေရိကန် ခရီးစဉ်မတိုင်ခင် အရခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း သိရပါတယ်။ ၂၆နှစ်သားဟာ လက်ရှိမှာ အင်္ဂလန်အသင်းအတွက် ကစားပေး နေပေမဲ့ ယနေ့ည ဟန်ဂေရီနဲ့ပွဲပြီးရင် အားလပ်ရက် အနားယူတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က သတင်းတွေအရလည်း စီးတီးအနေနဲ့ ကယ်ဗင် ဖီးလစ်တစ်ယောက် အင်္ဂလန်အတွက် ကစား ပေးပြီးတာနဲ့ တရားဝင် ချဉ်းကပ်မှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဂွါဒီယိုလာဟာ ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးမယ့်ကစားသမား ရှာဖွေနေပြီး ဖီးလစ်က အသင်းအတွက် အဓိကကျတဲ့ ပစ်မှတ်တစ်ခု ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။
မန်ချက်တစာ ယူနိုက်တက်ကလည်း ဖီးလစ်ကို ခေါ်ယူချင်နေပေမဲ့ ကစားသမားက လိဒ်စ်ရဲ့ ခါးသီးတဲ့ ပြိုင်ဘက် အသင်းထံကိုတော့ ပြောင်းရွှေ့လိုခြင်း မရှိပါဘူး။
ဇန်နဝါရီတုန်းက ဝက်စ်ဟမ်းရဲ့ ဖီးလစ်အတွက် ပေါင် သန်း၅၀နဲ့ ကမ်းလှမ်းချက်ကိုတော့ လိဒ်စ်က ပယ်ချထားခဲ့ပြီး လန်ဒန်ကလပ်အနေနဲ့လည်း နွေရာသီမှာ ပြန်လည် ကြိုးစားလာနိုင်ပါတယ်။ ဒါ့အပြင် စတီဗင် ဂျရတ် နည်းပြ နေတဲ့ အက်စတွန်ဗီလာကလည်း ကွင်းလယ် ရှာဖွေနေပြီး ဖိလစ်ကို ချဥ်းကပ်နေပါတယ်။