ထိပ်တန်း ကစားသမား ၃ ဦးလောက် ဝယ်လို့ရတဲ့ ပြောင်းရွှေ့ကြေး ရဦးမယ့် မန်စီးတီး

မန်စီးတီးဟာ ဒီနွေမှာ ကစားသမား ရှင်းထုတ်မှုတွေကို အရှိန်မြှင့်တော့မှာဖြစ်ပြီး အထွက်စာရင်းကနေ ပေါင် သန်း ၂၀၀ ကျော် ရရှိဖို့ ရည်မှန်းထားတယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

မန်စီးတီးဟာ တိုက်စစ်မှူး ဟာလန်းနဲ့ အဲဗာရက်စ်တို့ နှစ်ဦးအတွက် ပေါင် ၆၅ သန်း အကုန်အကျခံ ခေါ်ယူထားခဲ့ပါပြီ။ ထပ်ပြီး ဖာနန်ဒင်ညိုနေရာ အစားထိုးဖို့ရာ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်အတွက် ပေါင် သန်း ၆၀ အကုန်အကျ ခံသွားဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။

နောက်ထပ်သော ပစ်မှတ်က ဘရိုက်တန်မှ ကူကူရယ်လာဖြစ်ပြီး ဘယ်အစွန်လူအတွက် ကျသင့်မယ့် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅၀ ဖြစ်ပါတယ်။

မန်နေဂျာဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်မြောက် အနိုင်ရရေး အတွက်ကော ချန်ပီယံလိဂ်ဖလား အောင်မြင်ရေးအတွက်ပါ ဒီနွေဈေးကွက်မှာ ခေါ်ယူမှုကြီးတွေ ပြုလုပ်ဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီတုန်းက ဖာရန် တောရက်စ်ကို ဘာစီလိုနာထံ ပေါင် ၅၅ သန်းနဲ့ ရောင်းထုတ်ခဲ့တဲ့ မန်စီးတီးဟာ ဒီနွေမှာ ပြောင်းရွှေ့ကြေးကြီးတွေ ထပ်ရလာဖို့ ရှိနေပါတယ်။

တိုက်စစ်မှူး ဂျေးဆုကို လက်လွတ်ရရင် ပေါင် သန်း ၅၀ ရဖို့ ရည်မှန်းထားသလို ကလပ်နဲ့ ၁၂ လပဲ စာချုပ်ကျန်တဲ့ စတာလင်အတွက် ပေါင် သန်း ၆၀ တောင်းဆိုမှာဖြစ်ပါတယ်။

စပိန်ညာအစွန်လူ ပက်ဒရို ပေါ်ရိုအတွက် ပေါင် ၇ သန်း ရထားပြီဖြစ်ပြီး ဆောက်သမ်တန်က အလိုရှိနေတဲ့ စီးတီးရဲ့ အိုင်ယာလန် ဂိုးသမား ဘာဇူနူအတွက် ပေါင် ၁၅ သန်း ဝန်းကျင် ပေးချေရမှာပါ။ ဗင်နီဇွဲလား ကွင်းလယ်လူ ဟာရဲရာနဲ့ အင်္ဂလန် ယူ-၂၀ တိုက်စစ်မှူး မော်ဂန် ရော်ဂျာတို့ နှစ်ဦးအတွက် စီးတီး တောင်းဆိုမှာက ပေါင် သန်း ၂၀ ဖြစ်ပါတယ်။

ဂျေဆု၊ စတာလင်၊ ဘာဇူနူ၊ ဟာရဲရာ၊ ရော်ဂျာတို့ ထွက်ခွာမှုနဲ့ တောရက်စ်၊ ပေါ်ရိုတို့အတွက် မန်စီးတီးက ပြောင်းရွှေ့ကြေး ပေါင် ၂၀၇ သန်း ရမှာဖြစ်တယ်။

မန်စီးတီးဟာ ဇင်ချန်ကို၊ အကီ၊ ဂွမ်ဒိုဂန်တို့အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ ရဖို့ပါ စောင့်ဆိုင်းနေပါတယ်။ နယူးကာဆယ်က စိတ်ဝင်စားနေတဲ့ အကီအတွက် မန်စီးတီးက ပေါင် သန်း ၅၀ ဈေးသတ်မှတ်ထားပြီး ဇင်ချန်ကိုနဲ့ ဂွမ်ဒိုဂန်တို့ကို စိတ်ဝင်စားတဲ့ ကလပ်တွေ ရှိနေသေးတာ ဖြစ်ပါတယ်။