ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ဟာလန်းနဲ့ ပတ်သတ်ပြီး သူ့ သဘောထား ထုတ်ပြောခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်

မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်တစ်ဦးဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ် က ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ဖြစ်တဲ့ ဟာလန်း ရောက်လာတာကြောင့် စိုးရိမ်တာ မဖြစ်မိဘဲ တိုက်စစ်ကစားသမားတွေကြား ပွဲထွက် ကစားခွင့်အတွက် အပြိုင်အဆိုင် ဖြစ်လာရမှာကိုလည်း နှစ်သက်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အက်စတွန်ဗီလာအသင်းကနေ မန်စီးတီးအသင်းဆီကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၁၀၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဂရီးလစ်ရှ်ဟာ သူရဲ့ စီးတီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ထင်ထားသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိပဲ ပရီးမီးယားလိဂ်မှာ (၃)ဂိုးသွင်း (၃)ဂိုးသာ ဖန်တီးနိုင်ခဲ့ပါတယ်။

မန်စီးတီးလို ထိပ်တန်းကစားသမားတွေ အသင်းနှစ်သင်းစာ ပိုင်ဆိုင်ထားတဲ့ အသင်းမျိုးမှာ ဂရီးလစ်ရှ်က သူရဲ့ ပွဲဦးထွက် ရာသီအတွင်း ပရီးမီးယားလိဂ် (၂၂)ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး (၁၂)ပွဲအထိ လူစာရင်းမှာ မပါဝင်နိုင်ခဲ့/အရန်စာရင်းမှာ ပါဝင်ပြီး လူစားမဝင်ခဲ့ရပဲ ဖြစ်ခဲ့ရပါတယ်။

မန်စီးတီးအသင်းကို အာလင်း ဟာလန်းနဲ့ အဲလ်ဗာရက်ဇ်တို့လို တိုက်စစ်ကစားသမားသစ်တွေ ရောက်ရှိ လာခဲ့ပြီဖြစ်လို့ အသင်းရဲ့ တိုက်စစ်ပိုင်းရှိ ကစားသမားတွေကြားမှာ ပွဲထွက်ကစားခွင့်အတွက် အပြိုင်အဆိုင်တွေ ပိုမို ရှိလာနိုင်ပြီး ဒီလိုပြိုင်ဆိုင်မှု ရှိလာတဲ့အပေါ် နှစ်သက်သဘောကျမိတယ်လို့ ဂရီးလစ်ရှ်ကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။

ဂရီးလစ်ရှ်က “ ဟာလန်း လို ကစားသမားမျိုးကို ခေါ်ယူလိုက်နိုင်ခဲ့တာက တကယ့်ကို အကောင်းဆုံးပါပဲ။ ကျွန်တော် အပါအဝင် ကစားသမားတွေကြားမှာ ပြိုင်ဆိုင်မှုတွေ ကောင်းမွန်လာနိုင်တာဖြစ်လို့ အသင်းသားတွေရဲ့ ခြေစွမ်းပိုင်းတွေလည်း တိုးတတ်လာအောင် ကူညီနိုင်ပါလိမ့်မယ်။

ကျွန်တော်ရဲ့ ကလပ်အသင်းကို အကောင်းဆုံး ဖြစ်စေချင်တာကြောင့် အခုလို အသင်းဘက်က ကစားသမား ခေါ်ယူမှုတွေ ကြီးကြီးမားမား လုပ်ဆောင်တာမျိုးကို အရမ်းသဘောကျပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ မန်စီးတီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ စတာလင်၊ ဂျေးဆု၊ မာရက်ဇ်၊ ဖိုဒန်၊ ဂရီးလစ်ရှ်တို့အပြင် ဟာလန်း၊ အဲလ်ဗာရက်ဇ် တို့လို ကစားသမားသစ်တွေ ရှိနေကြတဲ့အပြင် လူငယ်တိုက်စစ်ကစားသမားတွေပါ ရှိနေတာကြောင့် ပွဲထွက်ခွင့်တွေ အပြိုင်အဆိုင် ဖြစ်လာရနိုင်ပါတယ်။