မန်စီးတီးအသင်း ပြစ်ဒဏ်တွေ ထပ်ပြီး ရင်ဆိုင်ရဖို့ ကြိုးစားနေတဲ့ စပိန်လာလီဂါ

စပိန် အမှတ်ပေးလိဂ် လာလီဂါကတော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးနဲ့ လီဂူးဝမ်းကလပ် ပီအက်စ်ဂျီ အသင်းတို့ဟာ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ် လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ထံ တရားဝင် တိုင်ကြားလိုက်ပြီ ဖြစ်ပါတယ်။

လာလီဂါက မန်စီးတီးကို တိုင်ကြားမှု ဧပြီလမှာ ပြုလုပ်ခဲ့ပြီး ဒီတပတ်ထဲမှာ နောက်ဆက်တွဲ အဖြစ် ပီအက်စ်ဂျီကို တိုင်ကြားမှု ဆက်လက် ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဥရောပမှာ ကလပ်အသင်းတွေကို ထိန်းထားတဲ့ FFP ဘဏ္ဍာရေး စည်းမျဉ်းတွေကို ဒီအသင်းတွေက ချိုးဖောက်နေတယ် လို့ စပိန် လာလီဂါက စွပ်စွဲနေတာ ဖြစ်ပါတယ်။

တိုင်ကြားမှု အကြောင်း လာလီဂါရဲ့ တရားဝင် ကြေငြာချက် ထုတ်ပြန်မှုမှာ ” လာလီဂါက ဒီတပတ်မှာ ပီအက်စ်ဂျီနဲ့ ပတ်သတ်ပြီး ယူအီးအက်ဖ်အေ ထံ ဆက်လက် တိုင်ကြားမှု လုပ်ခဲ့ပါတယ်။

ဒီတိုင်ကြားမှုက ဧပြီလထဲ မန်စီးတီးကို တိုင်ခဲ့တာနဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။ ဒီကလပ် အသင်းတွေဟာ လက်ရှိ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ဆက်တိုက် ချိုးဖောက်နေတယ် လို့ လာလီဂါက ယုံကြည်ပါတယ်။

ဒီကလပ် အသင်းတွေရဲ့ လုပ်ဆောင်ချက်ဟာ ဘောလုံးလောကရဲ့ တည်မြဲမှုနဲ့ ရေရှည် လည်ပတ်မှု အပေါ် ထိခိုက်စေမယ်လို့လည်း ယူဆပါတယ်။

ဥရောပမှာ ရှိတဲ့ လိဂ်တွေ ကလပ်တွေဟာ ဈေးကွက်ထဲမှာ ကိုယ် ရှိတဲ့ ငွေကြေးနဲ့ နည်းမှန်လမ်းမှန် လုပ်ဆောင်လို့ မရတော့ဘူး ဆိုတဲ့ ပုံရိပ်တွေလည်း ဖြစ်လာစေတယ်။

ဒါကြောင့် ဒီ မူမမှန်တဲ့ ဘဏ္ဍာရေး လုပ်ဆောင်ချက်တွေနဲ့ လကပ်အသင်းတွေကို သူတို့ တိုက်ရိုက် ငွေထည့် သုံးတာလား၊ တဖက်လှည့် စပွန်ဆာနဲ့ ငွေထည့်သုံးတာမျိုးတွေ လုပ်တာလား ဆိုတာ သေချာစွာ စိစစ်ဖို့ လိုအပ်ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ ပတ်သတ်တဲ့ တိုင်ကြားမှုကို အရင် လုပ်ဆောင်ထားခဲ့ပြီး ပြီးခဲ့တဲ့ အပတ်မှာက ပီအက်စ်ဂျီနဲ့ ပတ်သတ်တာကို ထပ်မံ တင်ပြထားပါတယ်။

ဒါ့အပြင် ပြင်သစ်နဲ့ ဆွစ်ဇာလန်က ဥပဒေ အကြံပေးရုံးတွေကိုလည်း လာလီဂါက ချိတ်ဆက်ထားပြီး ဥရောပ ဘောလုံး အဖွဲ့ချုပ်က မျှတတဲ့ စစ်ဆေး လုပ်ဆောင်ချက်တွေ လုပ်မယ့် အပေါ် စောင့်ကြည့်သွားမှာပါ။ ” လို့ ဖော်ပြထားပါတယ်။

ဟာလန်းကို လာလီဂါကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ နှစ်သင်းလုံး ချဉ်းကပ်ခဲ့တာ ဖြစ်ပေမယ့် အဆုံးမှာ ဒေါ့မွန်ထံက ပေါင် ၅၁ သန်း စာချုပ် ဖျက်သိမ်းကြေး ပေးကာ မန်စီးတီးကပဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။