ဟာလန်းကို မန်စီးတီး ရသွားခဲ့ပေမယ့် ၂နှစ် အတွင်း ပြန်ခေါ်ဖို့ ရီးရဲလ်မက်ဒရစ် စီစဉ်နေ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနွေမှာ ဒေါ့မွန်ကေ်န မန်စီးတီးအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဟာလန်းကို လာမယ့် ၂ နှစ် အတွင်း ခေါ်ယူဖို့ ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

ဟာလန်းဟာ ယခုအပတ်အတွင်း မန်စီးတီးအသင်းထံ ပေါင် ၅၁ သန်းနဲ့ တရားဝင် ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပေမယ့် ရီးရဲလ်အသင်းထံ ရောက်ရှိဖိ့ု အတော်လေး နီးစပ်မှုရှိခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး လက်ရှိ ရီးရဲလ်မှာ ပုံစံကောင်း ပြသနေတဲ့ ဘင်ဇီမာကြောင့်သာ ပီးရက်ဇ်တို့အဖွဲ့တွေ ဟာလန်းကို လက်လျှော့ခဲ့ရကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိ ရီးရဲလ်အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြိုင်ဘက်ကင်း ဦးဆောင်ထားနိုင်တဲ့ ဘင်ဇီမာဟာ အသက် ၃၄ နှစ်အရွယ် ရှိနေပြီ ဖြစ်တာကြောင့် ရီးရဲလ်အသင်းဟာ လာမယ့် ၁ နှစ်၊ ၂ နှစ်လောက်အထိ ဘင်ဇီမာကို ဆက်အသုံးပြုသွားဖို့ ဆန္ဒရှိနေပြီး ထို့နောက်မှသာ ဘတ်ပေနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟာလန်းရဲ့ အေးဂျင့်တွေက လာမယ့် ၂ နှစ်အတွင်း အသက်ဝင်လာမယ့် စာချုပ်ဖျက်သိမ်းကြေးကို မန်စီးတီးနဲ့ စာချုပ်သစ်မှာ ထည့်သွင်း ထားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ ဟာလန်းအတွက် ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်း ခံရမယ် ဆိုရင် ကစားသမားရဲ့ ဆန္ဒအရ ထွက်ခွင့်ပေးဖို့ မန်စီးတီးက သဘောတူထားပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်က ထို စာချုပ်ဖျက်သိမ်းကြေးကို ပေးပြီး ၂၀၂၄ မှာ ဟာလန်းကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။