မန်စီးတီး ကစားသမား ၂ဦးကို ဒီနွေမှာ တပြိုင်နက် ခေါ်ဖို့ ပစ်မှတ်ထား လှုပ်ရှားလာတဲ့ ချယ်ဆီးအသင်း
ချယ်ဆီး အသင်းဟာ မန်စီးတီးအသင်းရဲ့ ကစားသမား နှစ်ဦးကို ဒီနွေမှာ တပြိုင်နက် ခေါ်ယူသွားဖို့ ပစ်မှတ်ထား ချိန်ရွယ်လာပါတယ်။
ချယ်ဆီးက စီးတီးရဲ့ အင်္ဂလန် သား တိုက်စစ်မှုး ရာဟင်စတာလင်ကို ခေါ်ယူသွားချင်တဲ့ အပြင် သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နယ်သာလန် နောက်ခံလူ နေသန်အကီကိုပါ ဒီနွေမှာ တပြိုင်နက် ခေါ်ယူလို နေပါတယ်။
အသက်(၂၇)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား နေသန်အကီဟာ အသက်(၁၅)နှစ် ကတည်းက ချယ်လ်ဆီးလူငယ် အကယ်ဒမီဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ချယ်ဆီး စီနီယာအသင်းအတွက် (၄)ရာသီအတွင်း (၇)ပွဲခန့်သာ ပါဝင်ခဲ့ရပြီး ရက်ဒင်း ဝက်ဖို့ဒ် ဘုန်းမောက်အသင်းတို့ကို အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ရပါတယ်။
၂၀၁၇ခုနှစ်မှာ ဘုန်းမောက်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ အကီဟာ ဘုန်းမောက်အတွက် အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပြီးနောက် (၃)နှစ်အကြာမှာပဲ ပရီးမီးယားလိဂ် ထိပ်တန်းအသင်း မန်စီးတီး ဆီကို ပေါင်(၄၁)သန်းနဲ့ ထပ်မံ ပြောင်းရွှေ့ခွင့် ရရှိလာခဲ့ရပါတယ်။
ရူဘင်ဒီယက်စ် လာပေါ့တ်နဲ့ ဂျွန်စတုန်းစ်တို့လို ခံစစ်ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းရဲ့ ခံစစ်ပိုင်းမှာ ဒီလို ခံစစ်မှူးတွေကို ကျော်လွန်ပြီး ပုံမှန်နေရာရဖို့ ခက်ခဲနေရတဲ့ အကီကို မန်စီးတီးဘက်က အခုနှစ် နွေဈေးကွက်ထဲမှာ အသင်းကနေ ရောင်းထုတ်ချင်နေပါတယ်။
ဒီလို အနာဂတ်မျိုး ရှိနေရတဲ့ နေသန်အကီကို သူနဲ့အတူ ဘုန်းမောက်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြအက်ဒီဟောင်းက နယူးကာဆယ်အသင်းဆီ ခေါ်ဆောင်သွားချင်သလို အသင်းဟောင်း ချယ်ဆီး အသင်းကပါ အကီကို ပြန်လည်ခေါ်ယူချင်လာခဲ့တယ်လို့ သိရပါတယ်။
ချယ်ဆီးအသင်းဟာ အသင်းရဲ့ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွတ်ထားရတဲ့အပြင် အခြား ပစ်မှတ်တွေကိုလည်း ခေါ်ယူဖို့ ခဲယဉ်းနေတာကြောင့် အသင်းရဲ့ ကစားသမားဟောင်း အကီကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ချယ်ဆီး အသင်းဟာ စတာလင် ကိုလည်း ပေါင် ၃၅ သန်းလောက်နဲ့ ခေါ်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပြီး ခံစစ်ပိုင်း အတွက်လည်း နေသန်အကီကိုပါ တစ်ပေါင်းတည်း ခေါ်ယူဖွယ် ရှိနေပါတယ်။