မန်စီးတီးအသင်း ကစားသမားသစ် ခေါ်ယူရေးအတွက် နောက်ဆုံးရ သတင်း
မန်စီးတီး ဘောလုံးဒါရိုက်တာ Begiristain ဟာ ဘောလုံးရာသီအပြီးမှာ သီတင်းပတ် တစ်ခုအကြာပဲ အနားယူခဲ့ရပြီးနောက် ဂွာဒီယိုလာရဲ့ ပလန်တွေကို အကောင်အထည် ဖော်ပေးရေးအတွက် မန်ချက်စတာကို ပြန်လာခဲ့ပါတယ်။
The Athletic ရဲ့ အဆိုအရ ဂွာဒီယိုလာ အားလပ်ရက် ယူနေစဉ် စီးတီးရဲ့ နေ့စဉ်ကိစ္စတွေကို Begiristain က တာဝန်ယူပေးနေကာ မန်နေဂျာကို ပြန်လည် တင်ပြတာတွေ လုပ်ပေးနေပါတယ်။ သူကပဲ စီးတီးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ဦးဆောင် လှုပ်ရှားပေးနေတာဖြစ်ပါတယ်။
ကစားသမား နောက်ထပ် အဝင်ပိုင်းမှာ ဂွာဒီယိုလာ အလိုရှိသူတွေဖြစ်တဲ့ လိဒ်ယူနိုက်တက်မှ ကယ်ဗင်ဖီးလစ်နဲ့ ဘရိုက်တန်မှ ကူကူရယ်လာတို့အတွက် ဆွေးနွေးပေးဖို့ကို Begiristain က ကြိုးစားပေးရမှာဖြစ်တယ်။
ဘရိုက်တန်ရဲ့ စပိန်သား ဘယ်အစွန်လူ ကူကူရယ်လာကို ဒီနွေမှာ ခေါ်ယူရေးက မန်စီးတီးရဲ့ ထိပ်တန်း ဦးစားပေးဖြစ်ပါတယ်။ သူက ပင်ကိုယ် ဘယ်အစွန်လူဖြစ်ပြီး မန်စီးတီးမှာ မရှိတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ ဇင်ချန်ကိုက တိုက်စစ်ပိုင်း ပိုအားသန်ပြီး ကန်ဆယ်လိုက ပုံမှန် ညာအစွန်လူကနေ ဘယ်ခြမ်း ပြောင်းကစားနေတာ ဖြစ်ပါတယ်။
စီးတီးက ကူကူရယ်လာကို ခေါ်ယူရေး ဘရိုက်တန်နဲ့ ချိတ်ဆက်မှုတွေ စတင်နေခဲ့ပြီဖြစ်တယ်။ ဘရိုက်တန်ဘက်က မနှစ်တုန်းက ဘမ်ဝိုက်ကို ရောင်းထုတ်ခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ လောက်ကို စပိန်သားအတွက် ရလိုနေပါတယ်။
စီးတီးကတော့ ကူကူရယ်လာအတွက် အဲ့လောက် ပမာဏ ပေးမှာ မဟုတ်သလို ဘရိုက်တန်ဘက်က ဈေးမချပေးဘဲ သန်း ၅၀ ကို တောင်းဆိုမယ်ဆိုရင် မန်စီးတီးဘက်က နောက်ဆုတ်ဖွယ် ရှိပါတယ်။
လက်တလော အနေအထားမှာ နှစ်သင်းက ညိနှိုင်းမှုတွေ လုပ်ကြမှာဖြစ်ပြီး သဘောတူညီမှု ရကြမယ်လို့ ယုံကြည်နေကြဆဲပါ။ ချယ်ဆီးကလည်း အလွန်ဆိုနေရာ အစားထိုးဖို့ ကူကူရယ်လာကို သဘောကျမှု ရှိထားပါတယ်။
ဒါပေမယ့်လို့ လက်တလောမှာ အသက် ၂၃ နှစ်အရွယ် ဘယ်အစွန်လူက မန်စီးတီးကို ပိုပြီး ပြောင်းလိုနေတယ်။ ဂွာဒီယိုလာ လက်အောက်မှာ သူ့ကစားသမားဘဝ တစ်ဆင့်မြင့်သွားမယ်လို့ ကူကူရယ်လာက မြင်ထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရဖို့ကတော့ ပြဿနာ မဟုတ်ဘူးလို့ သိရပါတယ်။