မန်စီးတီး တိုက်စစ်သမားသစ်တွေရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်လာဖို့ ရေပန်းစားမှု

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အောင်မြင်ရေးဟာ ကလပ်တွေရဲ့ အဆင့်အတန်းတွေ ပိုမို မြင့်မားလာခြင်းနဲ့အတူ တိုက်စစ်သမားတွေအတွက် ပိုမို ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာနေပါတယ်။

မနှစ်က ဘောလုံးရာသီမှာ လီဗာပူးတိုက်စစ်သမား ဆာလာနဲ့ စပါးတိုက်စစ်သမား ဆွန်တို့ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိခဲ့တာပါ။ ဒါပေမယ့်လို့ ဟာလန်း၊ နူးညက်စ်တို့လို တိုက်စစ်သမားတွေ ရောက်ရှိလာမှုနဲ့အတူ ပိုပြင်းထန်တဲ့ အားပြိုင်မှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆု ၃ ကြိမ် အနိုင်ရ ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ ကိန်းတို့ ရှိနေသေးပေမယ့်လို့ ဘွန်ကီတွေရဲ့ အလေးပေးမှုမှာတော့ မန်စီးတီး တိုက်စစ်မှူးသစ် ဟာလန်းက ထိပ်ဆုံးကို ရောက်ရှိလာပါတယ်။

ဘွန်ဒက်လီဂါကနေ ပရီးမီးယားလိဂ်ထံ ပြောင်းလာတဲ့ ပထမဆုံးရာသီ ဖြစ်ပေမယ့် ဟာလန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့် အသားကျမြန်မှာ ဖြစ်သလို အင်္ဂလန်လိဂ်ရဲ့ ခံစစ်သမားတွေကို အိပ်မက်ဆိုး ပေးနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး တိုက်စစ်သမားဖြစ်လာဖို့ ရေပန်းစားစာရင်းမှာ နံပါတ် ၁ နေရာက ဟာလန်း ပါဝင်နေသလို နံပါတ် ၁၀ နေရာမှာ အဲဗာရက်စ် ရပ်တည်နေပါတယ်။

သူတို့နဲ့အတူ ချယ်ဆီးတိုက်စစ်မှူး လူကာကူ၊ ယူနိုက်တက် တိုက်စစ်သမား ရော်နယ်ဒို၊ လီဗာပူးတိုက်စစ်မှူးသစ် နူးညက်စ်တို့လည်း ပါဝင်နေတာပါ။

လာမယ့်ရာသီဟာ ကြားကာလမှာ ကမ္ဘာဖလားပြိုင်ပွဲ ရှိနေသေးတာကြောင့် ကစားသမားတွေရဲ့ စိန်ခေါ်မှုအတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာဖလားမှာ ဟာလန်းရဲ့ နော်ဝေအသင်း ပါနိုင်မှာ မဟုတ်ခြင်းကြောင့်လည်း ရာသီဝက်ကို အင်ပြည့်အားပြည့် ပါဝင်နိုင်မှာဖြစ်ပါတယ်။