အီဒါဆန် နောက် အရန် အဖြစ်ထားဖို့ မန်ချက်စတာ စီးတီး ခေါ်ယူတော့မယ့် ဂိုးသမားသစ်

မန်ချက်စတာစီးတီး အသင်းဟာ လက်ရှိ အသင်း ပွဲထွက် ဂိုးသမား အီဒါဆင်ရဲ့ နောက် အရန် အဖြစ် ထားဖို့ ဘွန်ဒက်စ်လီဂါကလပ်၊ အာမီနီးယာ ဘီလ်လီဖီးလ်မှ ဂိုးသမား အော်တီဂါမိုရီနိုအား ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်ပါတယ်။

ဂျာမနီဘက်က သတင်းတွေ အဆိုအရ ဂိုးသမား အော်တီဂါ ဟာ ဒီလကုန်တွင် ဘီလ်လီဖီးလ် အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး မန်ချက်စတာစီးတီးသို့ ပြောင်းရွှေ့တော့မယ် လို့ သိရပါတယ်။

ဝါရင့်ဂိုးသမား စကော့ကာဆင်ကို စာချုပ် သက်တမ်းတိုးမြှင့်ခဲ့ပြီးနောက် မန်စီးတီးဟာ ဒီနွေရာသီတွင် ဂိုးသမားသစ် ခေါ်ယူဖွယ် မရှိသော်လည်း ဒုတိယဂိုးသမား စတီဖန်ကို လာမယ့်ရာသီ ချန်ထားရင် ဖြစ်ဖြစ်၊ ရောင်းချခဲ့ရင် ဖြစ်ဖြစ် အော်တီဂါ ကို ခေါ်ယူဖြစ်ဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ စီးတီးဒုတိယဂိုးသမား စတီဖန် က ပက်ဂွါဒီယိုလာရဲ့ အသင်းအတွက် ၉ပွဲ ပါဝင် ကစားပေးခဲ့ပါတယ်။ အဲဒီပွဲတွေမှာ အက်ဖ်အေဖလားဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးနှင့် ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်ထဲ အမေရိကန် ဂိုးသမား ကျူးလွန်ခဲ့သော အမှားအယွင်း တစ်ခုမှာ ကြီးမားခဲ့ပါတယ်။

မန်စီးတီး ပစ်မှတ်ထားနေတဲ့ အော်တီဂါကလည်း ဘီလ်လီဖီးလ်သို့ ၂၀၁၇ ခုနှစ်တွင် ပြောင်းရွှေ့လာပြီးနောက် ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါမှာ ၃၅ ပွဲပါဝင်ကစားကာ Clean Sheet ခြောက်ကြိမ် ရရှိခဲ့သော်လည်း အသင်းကတော့ ရာသီကုန်မှာ တန်းဆင်းခဲ့ရပါတယ်။

အော်တီဂါ ကို ဒီနွေမှာ ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ရှော်ကေးတို့ကလည်း ချိတ်ဆက်ထားကြောင်း သတင်း ထွက်ထားပါတယ်။ အသက် ၂၉ နှစ် အရွယ် ဂိုးသမားဟာ ဂျာမနီ လက်ရွေးစင် အသင်း အတွက်တော့ ရွေးချယ်ခံရဖူးခြင်း မရှိသေးပါဘူး။