လူငယ်ကြယ်ပွင့်လေးကို ဘွန်ဒက်လီဂါထံ ရောင်းထုတ်ခဲ့ပြီဖြစ်တဲ့ မန်စီးတီး
ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ အီဒူဇီကို ခေါ်ယူဖို့ လေဗာကူဆင်အသင်းက သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။
အသက် ၁၉နှစ် အရွယ် အင်္ဂလန် ယူ-၁၉ လက်ရွေးစင် ဘယ်တောင်ပံတိုက်စစ် ကစားသမား အီဒူဇီက မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီ ကနေ ပေါ်ထွက်လာသူပါ။ သူဟာ အနာဂတ်မှာ ဆန်ချို ၊ ဖိုဒန်တို့လို ဥရောပ ထိပ်တန်းလိဂ်တွေမှာ တောက်ပလာမယ်လို့ မျှော်လင့်ခံထားရသူ ဖြစ်ပါတယ်။
အီဒူဇီက ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားသလို သူ့ရဲ့ ဖြတ်တင်ဘောတွေဟာ အတော်လေး တိကျတာကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်းနဲ့ နှိုင်းယှဉ်လေ့ရှိတာ ဖြစ်ပါတယ်။
သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ စီးတီးကလည်း အီဒူဇီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဂျာမန် ဘွန်ဒက်လီဂါ ကလပ် လေဗာကူဆင်က ပွဲကစားခွင့်ပေးမယ့် သဘောတူညီချက်တွေနဲ့ လူငယ်လေးကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အီဒူဇီက မန်ချက်စတာ စီးတီးမှာ ဆက်နေရင် သူ လိုချင်တဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မလွယ်တာကြောင့် အသင်းကနေ ထွက်ခွာဖို့သာ ဆုံးဖြတ်ခဲ့ပြီး သူနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၁ နှစ် ကျန်ရှိနေပါတယ်။
လူငယ် ကစားသမားတွေကို မြေတောင် မြှောက်ပေးလေ့ ရှိတဲ့ လေဗာကူဆင်က အီဒူဇီအတွက် မန်ချက်စတာ စီးတီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ ယခုအချိန်မှာတော့ အီဒူဇီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပေမယ့် ပြောင်းရွှေ့ကြေးကို မသိရသေးပါဘူး။
မန်စီးတီးက အလိုရှိရင် ပြန်လည်ခေါ်ယူခွင့်မျိုး ထည့်သွင်းမလား? ကစားသမားရဲ့ အနာဂတ် အကျိုးအမြတ်တွေကနေ ဘယ်လောက် ထပ်မံရရှိမလဲ? အစရှိသဖြင့်ကိုတော့ အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန် ကြေညာပြီး နောက်ပိုင်းမှာ သိရဖို့ ရှိနေပါတယ်။