ဘာနာဒိုရဲ့ ဆန္ဒကြောင့် မန်စီးတီးနဲ့ ဘာစီလိုနာကြား စကားပြောမှု ပြုလုပ်ကြဖွယ် ရှိလာ

မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ အသင်းဖော်ဟောင်း ဖယ်ရန်တောရက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်း တာဝန်ရှိသူတွေ အင်္ဂလန်နိုင်ငံကို လာရောက်စဉ်မှာ သူ့ကိုပါ ခေါ်ယူသွားဖို့ ကိုယ်တိုင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီ ကွင်းလယ်ကစားသမားဟောင်းကြီး ဒေကိုကြောင့် ဘာစီလိုနာ ပရိသတ်တစ်ဦး ဖြစ်လာခဲရသူ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမား ဖြစ်နေပေမယ့်လည်း ဘာစီလိုနာအသင်းသား ဖြစ်လာဖို့ ဆန္ဒရှိနေသူဖြစ်တယ်လို့ သိရပါတယ်။

သူရဲ့ တောင်းဆိုမှုက နောက်ပြောင်မှုသာ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှသာ တကယ်ကို တောင်းဆိုထားတဲ့ ကမ်းလှမ်းမှုမှန်း သိခဲ့ရတာပါ။ ဘာနာဒိုဆေးလ်ဗားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ကပါ ပြီးခဲ့တဲ့ ဇန်နဝါရီလောက်တည်းက လာပေါ်တာ အပါအဝင် ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံထားခဲ့သေးတယ်လို့ သိထားရပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်းက သူတို့ရဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို လက်လွတ်ရဖို့ နီးစပ်လာတာကြောင့် ဒီဂျောင်နေရာမှာ ဆေးလ်ဗားနဲ့ အစားထိုးဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဆေးလ်ဗားကို ခေါ်ယူဖို့အတွက် ယူရို သန်း ၁၀၀ လောက် ပေးချေရဖို့ ရှိနေပါတယ်။

မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကတော့ ဆေးလ်ဗားဟာ လာမယ့် ဘောလုံးရာသီမှာလည်း မန်စီးတီးမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ အခိုင်အမာ ပြောကြားထားခဲ့ပေမယ့် သူက အသင်းမှာ နေမပျော်တဲ့ ကစားသမားမျိုးတွေ ဆိုရင်တော့ သဘောမကျဘူးလို့ ရှင်းလင်းပြောဆိုထားခဲ့ပါသေးတယ်။

မန်စီးတီးအသင်းဟာ မိုနာကိုကစားသမားဟောင်း ဆေးလ်ဗားကို ၂၀၁၉ ခုနှစ်ကမှ စာချုပ်သက်တမ်းတိုးထားခဲ့တာဖြစ်လို့ ဆေးလ်ဗားဟာ ၂၀၂၅ခုနှစ်အထိ မန်စီးတီး ကစားသမားအဖြစ် ဆက်လက်ရှိနေရမှာဖြစ်ပေမယ့် အခုဈေးကွက် မပိတ်ခင်မှာလည်း ဘာစီလိုနာအသင်းဆီပါ ပြောင်းရွှေ့သွားနိုင်ဖွယ်လည်း ရှိနေပါတယ်။