ချယ်ဆီး စိတ်ဝင်စားနေတဲ့ အသင်းသား ၂ ဦးကို ပေါင် သန်း ၁၀၀ ကျော်နဲ့ ရောင်းထုတ်ပေးမယ့် စီးတီး

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းဟာ မန်စီးတီး ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လာခဲ့ကာ စီးတီး အလိုရှိတဲ့ ကမ်းလှမ်းမှုတွေ ပေးသွားဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီးဘက်က စီးတီး ကစားသမားတွေဖြစ်တဲ့ စတာလင် အပြင် ခံစစ်မှူး အကီ အတွက်ပါ ချိတ်ဆက် မေးမြန်းမှုတွေ လုပ်နေခဲ့တာပါ။ သူတို့နှစ်ဦးဟာ မန်စီးတီးရဲ့ အရောင်းစာရင်း တင်ခြင်း ခံထားရပြီး နှစ်ဦးအတွက် စီးတီးဘက်က ပြောင်းရွှေ့ကြေး ပေါင် ၁၀၀ သန်းကျော် အလိုရှိထားပါတယ်။

ဒီနွေမှာ အဲဗာရက်စ်၊ ဟာလန်း၊ ကယ်ဗင်ဖီးလစ်တို့ကို ခေါ်ယူထားတဲ့ မန်စီးတီးဟာ ဂျေးဆုကို အာဆင်နယ်ထံ ပေါင် ၄၅ သန်းနဲ့ ရောင်းထုတ်ထားပါပြီ။ နောက်ထပ် ကစားသမား ၂ ဦးအတွက် ပေါင် ၁၀၀ သန်း ကျော် ရပြီးရင်တော့ ဘယ်အစွန်လူသစ် အပါအဝင် ခေါ်ယူမှုတွေ ထပ်လုပ်လာဦးမှာပါ။

သောမတ်စ် တူချယ် ဟာ အသက် ၂၇နှစ် ရှိပြီ ဖြစ်တဲ့ နေသန် အကီကို ဒေါ့မွန် အသင်းအား ကိုင်တွယ်ခဲ့စဉ်ကတည်းက ခေါ်ယူဖို့ မျက်စိကျနေခဲ့တာ ဖြစ်ပြီး ၊ အခုတခါမှာလည်း လစ်လပ်သွားတဲ့ ဂျာမန် လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါရဲ့ နေရာကို အစားထိုး ဖြည့်တင်းနိုင်ဖို့ တဖန် ကြိုးစားနေတာ ဖြစ်ပါတယ် ။

အကီဟာ ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမားဟောင်း ဖြစ်တဲ့အပြင် ကစားသမား ကိုယ်တိုင်ကလည်း အသင်းဟောင်းရဲ့ ကမ်းလှမ်းမှုကို နားစွင့်လျက်ရှိပြီး ၊ စတာလင်နဲ့ အတူ လန်ဒန်သို့ ပြန်လည် အခြေချဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။