ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုး ဆိုပြီး အမူပို မနေဘဲ ကမ်းခြေမှာ ကလေးတွေနဲ့ ဘောလုံးကန်နေတဲ့ ဟာလန်း
နော်ဝေကြယ်ပွင့် တိုက်စစ်မှုး အာလင်း ဟာလန်းဟာ အသင်းသစ် မန်ချက်စတာစီးတီး နဲ့ ရာသီကြို လေ့ကျင့်ရေး မတိုင်ခင် အားလပ်ရက်ကာလ မာဘယ်လာမှာ အပန်းဖြေအနားယူနေချိန်အတွင်း ဘောလုံးဝါသနာရှင် ပရိသတ် ကလေးငယ်တွေနဲ့ အတူ ဘောလုံးကစားခဲ့ပါတယ်။
ဟာလန်းဟာ ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဆိုပေမယ့် ယခုနွေရာသီမှာ မန်စီးတီးကို ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့မှုက ၎င်းရဲ့ အဆင့်အတန်းကို ပိုလို့တောင် မြင့်မားလာစေတော့မှာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂွါဒီယိုလာရဲ့အသင်းကို ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုလည်း ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။
အားလပ်ရက် အပန်းဖြေခရီးကနေ ပြန်လာပြီး လေ့ကျင့်ရေး မဆင်းရသေးချိန်မှာ နော်ဝေကြယ်ပွင့်တိုက်စစ်မှူးက ကော်စတာ ဒယ် ဆိုးလ်က ကမ်းခြေမှာ ၎င်းရဲ့ စွမ်းရည်တွေကို ပြသခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ ကမ်းခြေမှာ အပန်းဖြေအနားယူနေချိန်အတွင်း ဘောလုံးတော့တာပြိုင်နေတဲ့ ကလေးတွေနဲ့အတူ ဆော့ကစားနေခဲ့တဲ့ဗီဒီယို ရိုက်ကူးခြင်း ခံခဲ့တာဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူးသစ်ဟာ ကမ္ဘာ့အဆင့် ကစားသမားတွေထဲက တစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဂရုမစိုက်ဘဲ ဘောလုံးမြင်ရင် မကန်ဘဲမနေနိုင်လောက်အောင် ရူးသွပ်တဲ့သူဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ ဒေါ့မွန်ကထွက်ခွာလာပြီးနောက်ပိုင်း နော်ဝေနဲ့အတူ ယူရိုနေးရှင်းလိဂ် အုပ်စုပွဲစဉ်တွေကို ကစား ခဲ့ရပါသေးတယ်။ အဲ့ဒီပွဲတွေမှာလည်း ဟာလန်းတယောက် ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး မန်စီးတီးအတွက် ကျေနပ်စရာ ခေါ်ယူမှုအဖြစ် မျှော်လင့်ခံထားရပါတယ်။ မန်စီးတီးနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ဟာလန်းတယောက် နွေရာသီအားလပ်ရက် အဖြစ် အနားယူနေပါတယ်။