ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဒီဘရိုင်း၊ ကူကူရယ်လာနဲ့ တီယာနေး၊ ချဲလ်ဆီးချိတ်လာသူ ၂ဦးနဲ့ မန်စီးတီး သတင်းတိုများ
ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်သူ တော့ဒ် ဘိုးလေဟာ တောင်ပံတိုက်စစ်ကစားသမား ရာဟင်မ် စတာလင်းအတွက် မန်စီးတီး တာဝန်ရှိသူတွေဆီ တိုက်ရိုက် ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီးဖြစ်ကာ အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
ကွင်းလယ်ကစားသမား ကယ်ဗင် ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းရဲ့ ခေါင်းဆောင်တဦးဖြစ်ကြောင်း အမှုဆောင်ချုပ် ဖယ်ရန် ဆိုရီယာနိုက ပြောပါတယ်။
“ကယ်ဗင်ဟာ မန်စီးတီးရဲ့ ခေါင်းဆောင်တဦး ဖြစ်လာပါပြီ။ သူဟာ ကွင်းထက်မှာ အခရာ ကျသလိုပဲ အဝတ်လဲခန်း အတွင်းမှာလည်း အသင်းဖော်တွေကို ဦးဆောင်နိုင်သူ ဖြစ်ပါတယ်။ ကစားသမားအများစုဟာ စာချုပ်ကိစ္စတွေအတွက် အေးဂျင့်တွေကိုပဲ အားကိုးကြပေမဲ့ သူကတော့ ဒီလို မဟုတ်ပါဘူး။ သူဟာ ရှေ့နေတဦးကိုပဲ အသုံးပြုတာပါ။” လို့ ဆိုရီယာနိုက ဆိုပါတယ်။
ချဲလ်ဆီးအသင်းဟာ ဗဟိုနောက်ခံလူနေရာကို အင်အားဖြည့်တင်းဖို့အတွက် မန်စီးတီးအသင်းရဲ့ နေသန် အကီကို ပစ်မှတ်ထားနေကြောင်း တယ်လီဂရပ်ဖ် က ဖော်ပြထားပါတယ်။ အကီကလည်း အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် နည်းပါး နေတဲ့ အခြေအနေကို စိတ်ပျက်နေပြီး အသင်းဟောင်း ချဲလ်ဆီးထံ ပြန်သွားဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။
မန်စီးတီးဟာ ဘွန်ဒက်လီဂါကလပ် အာမေးနီးယား ဘီလီဖဲလ်အသင်းမှ ဂိုးသမား စတက်ဖန် အိုတီဂါ ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဂျာမန်သားဟာ ဘီလီဖဲလ်အသင်း ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီဖြစ်ပြီး လာမဲ့ရာသီမှာ ဂိုးသမား အီဒါဆင်ရဲ့နောက် အရန် ဂိုးသမားအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ညိုဟာ ဘရာဇီးလ်ကလပ် အက်သလက်ချီကို ပါရာနိုင်စီ အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ အသက် ၃၇ နှစ်သားကြီဟာ မန်စီးတီးအသင်းနဲ့ အောင်မြင်မှုများစွာ ရယူခဲ့ပြီးနောက် ၁၇ နှစ်ကြာ ဝေးကွာနေတဲ့ အသင်းဟောင်းဆီ ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးက ဘယ်နောက်ခံလူနေရာကို အင်အားဖြည့်တင်းဖို့အတွက် ဘရိုက်တန်အသင်းရဲ့ကြယ်ပွင့် မာ့ခ် ကူကူရယ်လာကို ကြိုးစားနေဆဲဖြစ်ပြီး ကလပ်အသင်းနှသင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ စပိန်သားရဲ့ အပြောင်းအရွှေ့ဟာ ဒီတပတ်ထဲမှာပဲ ထူးလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
မန်စီးတီးနဲ့ သတင်းထွက်ခဲ့တဲ့ စကော့တလန် ဘယ်နောက်ခံကစားသမား ကီရင် တီယာနေးဟာ ဒီနှစ် နွေ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ သိရပါတယ်။
တောင်ပံတိုက်စစ်ကစားသမား ရီးယက်ဒ် မာရက်ဇ်ကို မန်စီးတီးအသင်း စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ကြိုးစားလာခဲ့ပြီ ဖြစ်ပါတယ်။ အယ်လ်ဂျီးရီးယားသားနဲ့ မန်စီးတီးအသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး နည်းပြ ဂွာဒီယိုလာအနေနဲ့ သူ့ရဲ့ အဓိက ကစားသမားတဦးကို လက်လွှတ်မခံချင်တာကြောင့် ကာလတို သက်တမ်းတိုး သွားလိုနေတာဖြစ်ပြီး သဘောတူညီမှုရလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။