မန်စီးတီး ချန်ပီယံလိဂ် အနိုင်မရသေးခြင်းကို ရီးရဲလ်မက်ဒစ်နဲ့ ခိုင်းနှိုင်းပြတဲ့ စီးတီး စီအီးအို

မန်စီးတီး အကြီးအကဲ ဖာရန် ဆိုရီယာနိုက ၂၀၂၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို သူတို့အသင်း မတက်ရောက်နိုင်ခဲ့တာက ကံကောင်းဖို့ လိုအပ်တာကြောင့်လို့ ရှင်းလင်း ပြောဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ နောက်ဆုံး မိနစ် ခြေပဂိုးကြောင့် အချိန်ပို ကစားခဲ့ရပြီး နောက်ပိုင်းမှာ ရလဒ်က အရေးမသာဖြစ်ခဲ့တာပါ။ ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က အင်္ဂလန်ကလပ် လီဗာပူးကို အနိုင်ယူပြီး ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

မန်စီးတီးဟာ ဥရောပ အောင်မြင်မှုတွေကို ရနိုင်ရေး ငွေကြေး အများကြီး စိုက်ထုတ်ခဲ့ပေမယ့် အခုထိတော့ အလှမ်းဝေးနေခဲ့တာပါ။ ဒီအတွက် မန်စီးတီး အကြီးအကဲက ချန်ပီယံလိဂ်ဖလား ရရမယ်ဆိုပြီး အလျင်မလိုကြောင်းနဲ့ မက်ဒရစ်တို့ အနိုင်ရခဲ့သလို ကံကောင်းဖို့ လိုအပ်နေတာပါလို့ ဆိုခဲ့တာဖြစ်တယ်။

ဆိုရီယာနိုက ပြောရာမှာ “ ချန်ပီယံလိဂ် ဆုဖလားကို ကျနော်တို့ အနိုင်ရလိုပါတယ်။ ဒါပေမယ့် ဒီဖလားကို အောင်နိုင်ဖို့ ကံနည်းနည်းကောင်းဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီဖလား ရရမယ်ဆိုပြီး အစွဲမရှိပါဘူး။

ဒီကနေ့တွေမှာ လူတွေက လက်တလောနှစ်တွေအတွက် မက်ဒရစ်တို့ ချန်ပီယံလိဂ်ဖလား အောင်မြင်တဲ့အကြောင်း ပြောနေကြတယ်။ ကျနော်ကတော့ သူတို့ ကံနည်းနည်း ကောင်းနေခဲ့တယ်လို့ပဲ ပြောရပါမယ်။

ပြောရရင်ဗျာ ပီအက်စ်ဂျီ၊ ချယ်ဆီး၊ ကျနော်တို့နဲ့ လီဗာပူူးကို ရင်ဆိုင်ရာမှာ သူတို့က ရှုံးခဲ့သင့်တဲ့ အသင်းပဲဖြစ်ပါတယ် ” လို့ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလား အောင်မြင်မှုမှာ ကံကောင်းဖို့လိုတယ်လို့ ပြောရတဲ့ အကြောင်းရင်းကို ၁၉၈၀-၉၀ ခုနှစ်က မက်ဒရစ်အသင်းနဲ့ နှိုင်းယှဉ်ပြီး ဆိုရီယာနိုက ရှင်းပြပါသေးတယ်။

“ ၈၀ ခုနှစ်နဲ့ ၉၀ ခုနှစ်တွေက ရီးရဲလ်မက်ဒရစ်အသင်း ဘယ်လောက်တောင် ကောင်းခဲ့တယ်ဆိုတာကို လူတွေ မမှတ်မိကြဘူး။ Butragueno တို့ La Quinta တို့နဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်ပေမယ့် အဲ့တုန်းက သူတို့တွေ ချန်ပီယံလိဂ်ကိုတော့ အနိုင်မရပါဘူး။

နှစ်တိုင်း မီလန်က သူတို့ကို အနိုင်ယူခဲ့တယ်။ ဒီတော့ အခုတော့ သူတို့ ကံကောင်းနေတာပေါ့။ ဒါပေမယ့် သူတို့တွေ ကံမကောင်းတဲ့ နှစ်တွေလည်း ရှိခဲ့တာပါပဲ ” လို့ သူက ဆက်ပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။