လူငယ် ကစားသမားတွေ ရောင်းချဖို့ လှုပ်ရှားနေခြင်း၊ မာရက်ဇ်၊ အကီ၊ စတာလင်တို့နဲ့ ယနေ့ည မန်စီးတီး သတင်းများ

မန်စီးတီးအသင်းရဲ့ ဗဟိုနောက်ခံလူ နေသန် အကီကို ဒီနှစ်နွေအပြောင်းအရွှေ့မှာ အရခေါ်ယူနိုင်လိမ့်မယ်လို့ ချဲလ်ဆီးအသင်း ယုံကြည် နေပါတယ်။ နယ်သာလန်သားကိုယ်တိုင်ကလည်း အသင်းဟောင်းဆီ ပြန်သွားဖို့ရာ ဆန္ဒ ရှိနေပြီး ကလပ်အသင်းနှသင်းကြား ဆွေးနွေးမှုတွေလည်း စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်းရွှေ့ကြေး တော့ သဘောတူညီမှု မရသေးပါဘူး။

အာမေးနီးယား ဘီလီဖဲလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ ဂိုးသမား စတက်ဖန် အိုတီဂါကို ဇူလိုင်လဆန်းမှာပဲ မန်စီးတီးအသင်း တရားဝင် ခေါ်ယူသွားမယ်လို့ သိရပါတယ်။ သက် ၂၉ နှစ်သားဟာ ဇူလိုင် ၁ ရက်နေ့မှာ တရားဝင် မန်စီးတီး ကစားသမား ဖြစ်လာမှာပါ။

မန်စီးတီး အသင်းဟာ တိုက်စစ်ကစားသမား ရီးယက်ဒ် မာရက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်းနေပါတယ်။ အဲဒီအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်နေပြီး မကြာမီမှာပဲ သဘော တူညီမှု ရသွားနိုင်တယ်လို့ သိရပါတယ်။ အယ်လ်ဂျီးရီးယားသားကို လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားလာချိန်မှာ မန်စီးတီးအသင်းက အခုလို သေသေချာချာ စီမံလိုက်နိုင်တာ ဖြစ်ပါတယ်။

ချန်ပီယံရှစ် ကလပ် ဘန်လေအသင်းဟာ မန်စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး နှစ်ဦးဖြစ်တဲ့ တေလာ ဟားဝုဒ် ဘယ်လက်စ်နဲ့ စီဂျေ အီဂန် ရိုင်လေတို့ နှစ်ဦးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

၂၀၁၉ တည်းက မန်စီးတီး ခေါ်ထားပေမယ့် အငှားထွက်ကစားခြင်းတွေနဲ့သာ အချိန်ကုန်နေရတဲ့ ဂျပန်သား ဗဟိုနောက်ခံလူ ကေအို အီတာကူရ အတွက် ကမ်းလှမ်းမှုတွေကို ဒီနွေမှာ မန်စီးတီးအသင်း လမ်းဖွင့်ထားပါတယ်။ အသက် ၂၅ နှစ်သားဟာ ဗဟိုနောက်ခံလူနေရာမှာသာမက ကွင်းလယ်ခံစစ်မှာ ကစားနိုင်သူဖြစ်ပြီး ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းအပြင် ပရီးမီးယားလိဂ် ကလပ်တွေကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ချဲလ်ဆီး အသင်းဟာ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ရာဟင်း စတာလင်းအတွက် ပေါင်သန်း ၅၀ တန် ကမ်းလှမ်းမှု တရပ် ပြုလုပ်သွားဖို့ ရှိနေပြီး အင်္ဂလန်သား ကိုယ်တိုင်ကလည်း လန်ဒန်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

အရန်ဂိုးသမား ဇက် စတီဖင်ဟာ လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဆီကို တရာသီ အငှားထွက် ကစားတော့မယ်လို့ သိရပါတယ်။ ဂျာမန်သား အိုတီဂါ ရောက်လာတော့မဲ့နောက်မှာ အက်တီဟက်ဒ်ကနေ ထွက်ခွာ သွားဖို့ ဆန္ဒရှိလာတဲ့ အမေရိကန်သားဟာ အချိန်တိုအတွင်းမှာပဲ မစ်ဒယ်ဘရော့ဆီသွားဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ လာမဲ့ရာသီမှာတော့ အက်ဒါဆင်ရဲ့ ဒုတိယဦးစားပေးအဖြစ် အိုတီဂါပဲ ရှိနေမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဆမ် အဒိုဇီဟာ လေဗာကူဆင်အသင်း ထံ ပြောင်းရွှေ့တော့မှာပါ။ အသက် ၁၉ နှစ်သားအတွက် မန်စီးတီးအသင်း က ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ရခဲ့ပါတယ်။