ဟာလန်း ရပြီ ဆိုပြီး ဂျေးဆု ကို ရောင်းလိုက်တာ ဂွာဒီယိုလာတော့ အမှားကြီး မှားပြီ လို့ ထောက်ပြမှု

မန်စီးတီး အသင်းဟာ တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆု ကို ရောင်းချလိုက်တာက အမှား ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကစားသမားဟောင်း ဟာမန်းက သတိပေးခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးသားဟာ ယခုအပတ်အစောပိုင်းက ပေါင် ၄၅သန်းတန် အပြောင်းအရွှေ့အတွက် အာဆင်နယ်ကို ရောက်လာခဲ့ပြီး အမ်းမရိတ်မှာ ဆေးစစ်မှု အောင်မြင်ခဲ့ပါတယ်။

ဂျေးဆု အနေနဲ့ အာဆင်နယ်နဲ့ ၅နှစ်စာချုပ် ချုပ်မယ်လို့ မျှော်မှန်းထားပြီး အာဆင်နယ်မှာ အဓိက တိုက်စစ်မှူး အဖြစ် ဦးဆောင်သွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဟာမန်းက တိုက်စစ်မှူးသစ် ဟာလန်း ဒဏ်ရာ ရာဇဝင်တွေ ရှိနေချိန်မှာ ဂျေးဆု ကို အခုလို အသင်းက ထွက်ခွင့်ပေးတာက မှားတယ် လို့ သတိပေးခဲ့ပါတယ်။

ဟာမန်းက “ဂွာဒီယိုလာက ဂျေးဆု ကို လက်လွှတ်လိုက်တာဟာ အမှားကြီးတစ်ခု ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။ အာလင်း ဟာလန်းက ဒဏ်ရာပြဿနာတွေ ရှိခဲ့ပြီး ပရီးမီးယားလိဂ်က ကြံ့ခိုင်မှုကို လုံးဝ အသားပေးတဲ့ လိဂ်တစ်ခုပါ”လို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အလားအလာအရှိဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ခြေစွမ်းတွေကို စမ်းသပ်ခံမှာ ဖြစ်ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေသားဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ဒေါ့မွန်အတွက် ၁၆ပွဲ လွဲချော်ခဲ့ပြီး ၂၀၂၀-၂၁ရာသီက ၁၀ ပွဲ လွဲခဲ့ပါတယ်။

ဟာမန်းက ဂျေးဆုရဲ့ ဂိုးသွင်းစွမ်းရည်ကို ချီးကျူးခဲ့ပြီး ဂွါဒီယိုလာလက်အောက် အဂူရိုလိုမျိုး နံပါတ် ၉ နေရာ မကစားရဘဲ တောင်ပံ ကစားသမား အဖြစ်သာ ကစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဟာမန်းက “ ဂျေးဆု ရဲ့ အချက်အလက်တွေကို ကြည့်လိုက်ရင် သူတို့အတွက် ဂိုးတွေအများကြီး သွင်းပေး ထားတာကြောင့် ခုလို လက်လွှတ်လိုက်တဲ့အပေါ် ကျွန်တော် အလွန်အံ့သြမိပါတယ်။ သူ မရှိတော့တဲ့အတွက် ဂွါဒီယိုလာမှာ ဟာလန်းဒဏ်ရာရရင် အတွေ့အကြုံရှိတဲ့ အရန်တိုက်စစ်မှူး မရှိတော့ပါဘူး။ ပြီးတော့ စတာလင်ကလည်း ချဲလ်ဆီး ပြောင်းဖို့ နီးစပ်နေပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ရေးဗားပလိတ်တိုက်စစ်မှူး ဂျီလီယံ အယ်ဗာရက်ဇ်ကို ခေါ်ယူထားခဲ့ပေမဲ့ ထို ကစားသမားကလည်း ပရီးမီးယားလိဂ်မှာ အတွေ့အကြုံ မရှိသေးတာကြောင့် အရည်အသွေးက ပြောရခက်နေဆဲ ဖြစ်ပါတယ်။