အကီ ကို အောက်ဈေး နှိုက်လို့ မရဘူးလို့ ချယ်ဆီးအား သတိပေးလိုက်တဲ့ မန်စီးတီးအသင်း
မန်စီးတီးအသင်းဟာ ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ခံစစ်သမား အကီ ကို ဈေးချိုချိုနဲ့တော့ ရောင်းထုတ်မှာ မဟုတ်ကြောင်း သတိပေးစကား ဆိုထားတယ် လို့ သိရပါတယ်။
ဒီနွေမှာ ရူဒီဂါ၊ ခရစ္စတန်ဆန်တို့လို ဗဟို ခံစစ် ကစားသမားတွေနဲ့ လက်တွဲဖြုတ်ထားခဲ့ရတဲ့ ချယ်ဆီးအသင်းဟာ နွေဈေးကွက်အတွင်း ခံစစ်ကစားသမားများစွာကို ပစ်မှတ်ထားနေရာ ချယ်ဆီး လူဟောင်း နေသန် အကီကိုလည်း ပစ်မှတ်ထားလာပါတယ်။
ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်က လာမယ့်ဘောလုံးရာသီအတွက် ခံစစ်ပိုင်းကိုသာ အဓိကပြင်ဆင်သွားချင်နေပြီး ကွန်ဒီ၊ ဒီလစ်၊ ကူလီဘလီတို့လို ဥရောပ ကလပ်အသင်းတွေရဲ့ နောက်ခံလူတွေအပြင် အသင်းရဲ့ ကစားသမားဟောင်း နေသန်အကီကိုပါ ပြန်လည်ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဘက်ကတော့ သူတို့ရဲ့ ဗဟိုခံစစ် ကစားသမား အကီကို အသင်းကနေ အလွယ်တကူ ရောင်းချမှာ မဟုတ်ပဲ အစားထိုး ကစားသမား ခေါ်ယူပြီးမှသာ ရောင်းချမှာ ဖြစ်သလို အကီရဲ့ တန်ကြေးကလည်း ဈေးချိုမှာ မဟုတ်ဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။
အသက်(၂၇)နှစ် အရွယ် နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံလူ အကီဟာ ၂၀၂၀ခုနှစ်ကမှ ဘုန်းမောက်ကနေ မန်စီးတီးအသင်းဆီကို ပေါင်(၄၁)သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အကီက ရူဘင်ဒီယက်စ် လာပေါ့တေးနဲ့ ဂျွန်စတုန်းစ်တို့လို ခံစစ်ကစားသမားကောင်းတွေကို ကျော်လွန်ပြီး စီးတီးခံစစ်မှာ နေရာရဖို့ မလွယ်ကူတာကြောင့် ကစားသမား ကိုယ်တိုင် စီးတီးနဲ့ လမ်းခွဲချင်နေသလို စီးတီး ဘက်ကလည်း အကီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ အစီအစဉ်မရှိတဲ့အပြင် အစားထိုး ကစားသမားပါ အလိုရှိနေပါတယ်။
ဒီလို အခြေအနေမှာ ချယ်ဆီးဘက်က အကီကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ဖို့လည်း မန်စီးတီး အသင်းဘက်ကို ဆက်သွယ်လာခဲ့ပေမယ့် စီးတီးဘက်ကတော့ သူတို့ကစားသမားကို ပြောင်းရွှေ့ကြေး သက်သက် သာသာနဲ့ ရောင်းချမှာ မဟုတ်သလို အစားထိုး ကစားသမား အရင်ခေါ်ယူနိုင်မှပဲ အကီကို လက်လွတ်နိုင်မယ်လို့ သတိပေးသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ချယ်ဆီးဟာ ခံစစ်ပိုင်းအတွက် အကီရဲ့ လက်ရွေးစင်အသင်းဖော် ဒီလစ်ကိုသာ ဦးစားပေး အလိုရှိနေပြီး ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ကူလီဘလီနဲ့ အကီတို့ကိုသာ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။