မန်စီးတီးရဲ့ ပက် ဂွါဒီယိုလာ ကို အင်္ဂလန်နည်းပြ အဖြစ် အချိန်ပိုင်း ခန့်ဖို့ တောင်းဆိုမှု ထွက်ပေါ်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ မန်ချက်စတာစီးတီး နည်းပြ ပက် ဂွါဒီယိုလာကို အချိန်ပိုင်း အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ဖို့ တောင်းဆိုခြင်း ခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ဟန်ဂေရီကို အိမ်ကွင်းမှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲ အပါအဝင် ဆိုးရွားတဲ့ နိုင်ပွဲမရှိ စံချိန် ရရှိခဲ့ပြီးနောက် နည်းပြ ဂါးရတ် ဆောက်ဂိတ်အပေါ် ဖိအားတွေ တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ‘မင်း ဘာလုပ်နေတယ် ဆိုတာ မင်းမသိဘူး’လို့ ပရိသတ်တွေရဲ့ အော်ဟစ်ခြင်းကိုတောင် ခံခဲ့တာ ဖြစ်ပြီး ပရိသတ်အများအပြားက လူမှုကွန်ရက်ပေါ်မှာ လက်ရွေးစင်နည်းပြရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တားဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ဆွဲဆောင်မှုရှိတဲ့ ကစားဟန်နဲ့ အမှတ်ပေး ဇယား အဆင့် ၉ နေရာမှာ ရာသီပြီးဆုံးနိုင်အောင် နည်းပြပေးနိုင်ခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင် နည်းပြ ရာထ တွက် ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်ကြယ်ပွင့်ဟောင်း ၂ ဦးဖြစ်တဲ့ ဒါရင်း ဘန့်တ်နဲ့ ဂျက်ခ် ဝီလ်ရှိုင်းယား တို့က ဂွါဒီယိုလာဟာ လက်ရှိ လူစာရင်းကနေ ဒီထက်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရရှိလာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ် လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

“သူက အင်္ဂလန်ကစားသမားတွေနဲ့ ပိုပြီး လုပ်နိုင်မယ်လို့ ကျွန်တော် ထင်တယ်။ အင်္ဂလန်အသင်းတစ်ဝက်လောက်က သူ့အသင်းမှာ ကစားနေတာလေ။ ဂါးရတ်က ဂွါဒီယိုလာထက် ပိုကောင်းတဲ့ နည်းပြ မဟုတ်ပါဘူး။ အင်္ဂလန် လူစာရင်း တစ်ဝက်လောက်က ဂါးရတ် ဆောက်ဂိတ်ကို သိတာထက် ဂွါဒီယိုလာကို ပိုပြီး သိကြပါတယ်”

“ဘာလို့လဲဆိုတော့ သူနဲ့ တစ်ချိန်လုံးရှိနေလို့ပါ။ ခင်ဗျားဆီမှာ စတားလင်း၊ ဂျွန် စတုန်း၊ ဝေါ်ကာ၊ ဂရီးလစ်ရှ်၊ ဖိုဒ့ရှိတယ်။ သူ့မှာ ကယ်လ်ဗင် ဖိလပ်စ်တောင် ရှိလာနိုင်တယ်။ အဲဒါဆို ၆ ယောက်ဖြစ်သွားပြီ”လို့ ဒါရင်း ဘန့်တ်က talkSPORT ကို ပြောကြားခဲ့ပါတယ်။

“လက်ရှိ နည်းပြကို ကျွန်တော်တို့ မကောင်းဘူးပြောနေတာလို့ မထင်ပေမယ့် ပက်က ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြပါ။ အခုချက်ချင်း သူ့ကို နည်းပြခန့်လိမ့်မယ်လို့ ကျွန်တော် မထင်ပေမယ့် ရှေ့ကျရင်တော့ အဲဒါက ဖြစ်လာနိုင်တဲ့ အရာလို့ ထင်ပါတယ်။ ကျွန်တော် အဲဒီလိုဖြစ်လာမယ်လို့ မြင်ပါတယ်”လို့ ဝီလ်ရှိုင်းယားက ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။