လာဗီယာကို ပေါင် သန်း ၄၀ သဘောတူညီချက်နှင့် ဆောက်သမ်တန်ထံ စီးတီး ရောင်းချ
မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ လူငယ်ကွင်းလယ်ကစားသမားလေး ရိုမီအိုလာဗီယာဟာ ဆောက်သမ်တန်အသင်းထံ ကာလရှည် စာချုပ်တစ်ရပ်နဲ့ အပြီးသတ် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးဘက်ကတော့ လာဗီယာ အနာဂတ်ကောင်းရှိသူလို့ ယုံကြည်တာကြောင့် တစ်ချိန်ချိန်မှာ အသင်းဆီ ပြန်လည်ခေါ်ဆောင်နိုင်မယ့် buyback စာချုပ်ကိုလည်း ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်အတွင်းမှာပဲ ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မှာ ဖြစ်ပြီး မန်စီးတီးဘက်ကတော့ ကစားသမားလေး လာဗီယာကို ပေါင်သန်း (၄၀) ဝန်းကျင်လောက်နဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းခဲ့ပြီးမှ ဆောက်သမ်တန်ဆီ ရောင်းချဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။
အသက်(၁၈)နှစ်အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ ယူ-၁၉ ကွင်းလယ်ကစားသမားလေး လာဗီယာဟာ ဘယ်လ်ဂျီယံ နာမည်ကြီးကလပ် အန်ဒါလက်ချ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာပဲ မန်စီးတီး လူငယ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။
အသက် (၁၆) နှစ်မှာပဲ မန်စီးတီးလို ကလပ်အသင်းကြီးဆီ ရောက်ရှိလာခဲ့တဲ့ လာဗီယာဟာ အချိန်တိုလေးအတွင်းမှာပဲ မန်စီးတီး ယူ-၁၈ ကေန ယူ-၂၃ အသင်းမှာ ကူးပြောင်းကစားခဲ့ရသလို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း မန်စီးတီး စီနီယာအသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခဲ့ခဲ့ရပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလက ဝိုင်ကမ်ဘီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ EFL Cup ပွဲစဉ်မှာလည်း သူရဲ့ မန်စီးတီး စီနီယာ ကစားသမားဘဝ ပထမဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
အခုတော့ ကွင်းလယ်ခံစစ် ကစားသမားလေး လာဗီယာဟာ သူ့အတွက် ပွဲထွက်ကစားခွင့်တွေ ပိုမိုရရှိနိုင်မယ့် ဆောက်သမ်တန်အသင်းဆီကို ပြောင်းရွှေခဲ့ပြီဖြစ်လို့ လာမယ့်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသပြီး လာမယ့်နှစ်တွေအတွင်း စီးတီးထံ ပြန်ရောက်လာမလား စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။