ဂွာဒီယိုလာကြောင့် မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာဖြစ်ခဲ့ကြောင်း ကီဗင်ဖီးလစ် ဖွင့်ဟ ဝန်ခံ

လိဒ်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ မန်စီးတီး ကစားသမားသစ် ကီဗင်ဖီးလစ် က စီးတီးနဲ့ အတူ ပွဲထွက် ကစားဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မန်စီးတီးထံ ပြောင်းရွှေ့ လာရခြင်းမှာ ဂွာဒီယိုလာက အဓိက အကြောင်း တစ်ချက် ဖြစ်ကြောင်းလည်း ဖီးလစ်က ဝန်ခံခဲ့ပါတ်ယ။

ဖီးလစ်ဟာ အင်္ဂလန်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဖြစ်ခဲ့သလို အင်္ဂလန်အတွက် ၂၃ ပွဲအထိ ပါဝင် ကစားပေးထားခဲ့ပါတယ်။

ဒါ့အပြင် လိဒ်အတွက်လည်း ၂၃၄ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး အသက် ၁၂ နှစ်အရွယ်မှာ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ဖီးလစ်က အခုချိန်မှာ နောက်တစ်ဆင့်ကို တက်ရောက်ရမယ့် အချိန်ဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် လိဒ်မှာနှစ်အနည်းငယ်လောက် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းနဲ့လည်း အတူတူပါပဲ။ ကျွန်တော့်ကို အကောင်းဆုံး ပြုမူပေးခဲ့တဲ့ လိဒ်ကို ကျေးဇူးတင်နေမှာပါ။ အခုတော့ နောက် ပတ်ဝန်းကျင် အသစ်မှာ ခြေလှမ်းရမယ့်အချိန်လို့ ကျွန်တော်ထင်ပါတယ်။

စီးတီးက တကယ်ကောင်းတဲ့အသင်းဖြစ်ပြီး ကောင်းမွန်တဲ့ ကစားဟန်နဲ့ နည်းပြလည်းရှိပါတယ်။ အဲ့တာက ကျွန်တော့်ကို အမြဲတမ်း ဆွဲဆောင်စေပါတယ်။ အိမ်ကွင်းမှာ ကစားရတဲ့နေ့တုန်းက ကျွန်တော်တို့ ၁-၁ သရေကျခဲ့ပါတယ်။ အဲ့တာက ပွဲကောင်း တစ်ပွဲဖြစ်ခဲ့ပြီး ပထမဆုံးစီးတီးနဲ့ပွဲလို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော် လူတိုင်းလက်ကို ဆွဲပြီးနှုတ်ဆက်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက ကျွန်တော့်လက်ကိုဆွဲပြီး နှုတ်ဆက် ခဲ့ပါတယ်။ တကယ့်ကိုဂုဏ်ပြုခံခဲ့ရသလို ခံစားခဲ့ရပြီး ပြုံးနေခဲ့ပါတယ်။ တကယ်ကောင်းတဲ့ အခိုက်အတန့်ပါ။

ကျွန်တော် အခု ဂွါဒီယိုလာလက်အောက်မှာ ကစားရတော့မှာပါ။ ဒီကို ပြောင်းလာခဲ့ရတာကလည်း အဲ့ဒီ အကြောင်း တစ်ခုကြောင့်ပါ။ ကျွန်တော် သင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်”လို့ ကီဗင်ဖီးလစ်က ပြောကြားခဲ့ပါတယ်။

ဖီးလစ်ဟာ ဖာနန်ဒင်ဟိုနေရာမှာ အစားဝင်မှာဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ၆ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် အင်္ဂလန်သားဟာ အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံရဖွယ်ရှိနေပြီး နိုင်ငံအသင်းဖော်တွေနဲ့တော့ သိကျွမ်းပြီးသား ဖြစ်ပါတယ်။

“မှန်ပါတယ်။ ကျွန်တော် အရမ်းကောင်းတဲ့ ခံစားချက်မျိုး ရနေပါတယ်။ ကျွန်တော်အခုဆို မန်စီးတီး ကစားသမား ဖြစ်လာခဲ့ပါပြီ။ အဲ့အတွက်လည်း ကျွန်တော် အရမ်း ပျော်ပါတယ်”လို့ လည်းဖီးလစ်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။