ပွဲထွက် မသေချာသေးတဲ့ ဖီးလစ်၊ ကူကူရယ်လာ၊ ဂနာဘရီတို့နဲ့ နောက်ဆုံးရ မန်စီးတီး သတင်းတိုများ
နည်းပြ ပက် ဂွာဒီယိုလာဟာ ကွင်းလယ် ကစားသမားသစ် ကယ်ဗင် ဖီးလစ် ကို ပုံမှန် ပွဲထွက်ခွင့် တနေရာအတွက် အာမခံချက် ပေး မထားဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း အင်္ဂလန်သားသာ သူ့အရည်အသွေးတွေကို တိုးတက် လာအောင် လုပ်နိုင်ခဲ့ရင် ပွဲကစားခွင့်ပေးသွားဖို့ အသင့်ရှိနေကြောင်းလည်း သိရပါတယ်။
မန်စီးတီး အသင်း ခေါ်ယူထားတဲ့ တိုက်စစ်မှူးလေး ဂျူလီယန် အယ်ဗာရက်ဇ် ဟာ မနေ့ညကပဲ ရေးဗားပလိတ် ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီဖြစ်ပြီး အင်္ဂလန်သားကို လာရောက်ကာ ကလပ်အသင်းနဲ့ ပူးပေါင်းသွားတော့မှာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားလေး အတွက် မန်စီးတီး အသင်းဟာ ပေါင် ၁၄ သန်းသာ အသုံးပြုခဲ့ရပြီး ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုထားတာပါ။
အာလင်း ဟော်လန်း၊ ဂျူလီယန် အယ်ဗာရက်ဇ်နဲ့ ကယ်ဗင် ဖီးလစ် တို့လို အရည်အသွေးမြင့် ကြယ်ပွင့်တွေကို ခေါ်ယူထားပြီးဖြစ်ပေမဲ့လည်း မန်စီးတီးအသင်းရဲ့ ဒီနှစ်နွေ အပြောင်းအရွှေ့ ခြေလှမ်းတွေဟာ ရပ်တန့်သွားဖို့ မရှိသေးဘဲ ဘရိုက်တန်အသင်းရဲ့ ကြယ်ပွင့် မာ့ခ် ကူကူရယ်ယာကို ဆက်လက် ကြိုးပမ်းသွားဦးမှာဖြစ်ကြောင်း သိရပါတယ်။
ကွင်းလယ် ကစားသမားလေး ရိုမီရို လာဗီရာဟာ နောက် ၄၈ နာရီအတွင်းမှာ ဆောက်ဟမ်တန်အသင်းနဲ့ ဆေးစစ်မှု ခံယူပြီး အပြောင်းအရွှေ့ကို အပြီးသတ်သွားတော့မှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ဘယ်လ်ဂျီယံ သားလေးကို မန်စီးတီးအသင်းအနေနဲ့ ဆောက်ဟမ်တန်ကို ပေါင် ၁၄ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ပြန်လည် ဝယ်ယူခွင့် အချက် ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ တောင်ပံတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘွန်ဒက်လီဂါ ကလပ် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကြယ်ပွင့် ဆာ့ဂျ် ဂနာဘရီကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဂျာမန်သားဟာ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာလည်း အဆင်မပြေ ဖြစ်နေတာကြောင့် အနာဂတ် မရေမရာ အခြေအနေကို ရောက်နေပါတယ်။
မန်စီးတီးအသင်းဟာ အသက် ၁၇ နှစ်အရွယ် အထောင်တိုက်စစ်မှူး ဂျီနန် ပယ်ဂျီနိုဗစ်ကို ခေါ်ယူသွားနိုင်ဖို့ ဆွေးနွေး နေပါတယ်။ ဂျာမန်သားလေးဟာ ဘွန်ဒက်လီဂါကလပ် အော့စ်ဘို့ဂ်အသင်းရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသက်လက်မဲ့ဖြစ်နေပြီး စီးရီးအေထိပ်တန်းကလပ် ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။
ကွင်းလယ်ကစားသမားလေး တွန်မီ ဒွိုင်းလ်ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ်ယူနိုက်တက်အသင်းထံ တရာသီ အငှား ထွက်ကစားခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်သားလေးကို နေရာပေးနိုင်ဖို့ရာ မလွယ်ကူသေးတဲ့အတွက် မန်စီးတီး အသင်းအနေနဲ့ အတွေ့အကြုံနဲ့ ပွဲထွက်ခွင့်အတွက် အငှားချဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး မနေ့ကပဲ အပြောင်းအရွှေ့ကို တရားဝင် ကြေညာခဲ့ပါတယ်။
တောင်ပံ တိုက်စစ်ကစားသမားလေး ကိုင်လ်ကီကိုလည်း မန်စီးတီးအသင်း အငှားချသွားဖို့ရာ စီစဉ်ထားကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်သားလေးဟာ ၂၀၁၉ ခုနှစ်မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး လူငယ်အသင်းမှာပဲ ကစားခွင့်ရသေးကာ အလားအလာကောင်းတွေ ပြသနေသူလည်း ဖြစ်ပါတယ်။