အီတလီက ရာသီဥတု အကြောင်း မေးနေတဲ့ ဂွာဒီယိုလာက စီးရီးအေ ကို ပြောင်းရွှေ့သွားနိုင်မလား

နည်းပြကြီး ပက် ဂွာဒီယိုလာဟာ မန်စီးတီးက အချိန်တွေပြီးရင် အီတလီကို နည်းပြဖို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ ကလပ်ရဲ့ အမှုဆောင်အရာရှိ ဖာရန် ဆိုရီယာနိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဂွာဒီယိုလာဟာ လာလီဂါမှာ ဘာစီလိုနာနဲ့အတူ နည်းပြအလုပ်ကို စတင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ကို ရောက်ရှိခဲ့ပြီး အဲ့ဒီ့ကနေ မန်စီးတီးထံ ပြောင်းရွှေ့လာခဲ့တာဖြစ်သလို နည်းပြဘဝမှာ ကလပ်သုံးခုကိုသာ ကိုင်တွယ်ခဲ့ဖူးတာပါ။

ဒါပေမယ့် ဂွာဒီယိုလာက လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ဘရက်စီယာနဲ့ ရိုးမားတို့မှာ ကစားခဲ့ဖူးတာကြောင့် အနာဂတ်မှာ သူ့ကစားသမားဘဝ ကလပ်အသင်းတွေ ထံကို နည်းပြအဖြစ် ပြန်သွားနိုင်ခြေ ရှိနေသလို ပြီးခဲ့တဲ့ နှစ်တွေက သတင်းထွက်ခဲ့သလို ဂျူဗင်တပ်သို့လည်း ပြောင်းသွားနိုင်တာ ဖြစ်ပါတယ်။

ဆိုရီနိုက ဂွာဒီယိုလာဟာ မန်စီးတီးက ထွက်ခွာမယ် ဆိုတဲ့ သဘောမျိုးတော့ မပြောခဲ့ဘဲ စီးတီးအဖွဲ့ရဲ့ လက်အောက်က စီးရီးဘီကလပ် ပါလာမိုအသင်း အခြေစိုက်ရာ ဒေသရဲ့ အနေအထားကို မေးကြည့်ခဲ့တာလို့ ဆိုပါတယ်။

“ ဂွာဒီယိုလာက ပါလာမိုမှာ ရာသီဥတု ကောင်းမွန်သလား မေးခဲ့ပါတယ်။ တစ်ရက် ဒီအသင်းကို သူ ကိုင်တွယ်နိုင်ပါတယ်။ ကျနော်တို့ လုပ်နေတဲ့ ကိစ္စတွေ အားလုံးကို သူသိပါတယ်။ အီတလီဘောလုံးအကြောင်းကို သူ ကောင်းကောင်းသိသလို အခြားသူတွေလိုပဲ ဒီဝယ်ယူမှုအပေါ် သူလည်း စိတ်လှုပ်ရှားနေပါတယ် ” လို့ ဆိုရီနိုက ဆိုခဲ့တာပါ။

မန်စီးတီး စီအီးအို က တနင်္လာနေ့က စီးရီးဘီကလပ် ပလာမိုမှာ စီးတီးအုပ်စုရဲ့ အဓိက ရှယ်ယာဝယ်ယူမှုကို ကြေညာပြီး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ပလာမို အသင်းနဲ့ ပတ်သက်ပြီးတော့လဲ ၎င်းက “ကျွန်တော်တို့မှာ အိမ်မက်တစ်ခုရှိတယ်။ ရည်မှန်းချက်၊ ကျွမ်းကျင်မှု၊ စိတ်ရှည်သည်းခံမှုရှိတယ်။ အရေးအကြီးဆုံးက ပလာမို ပရိသတ်တွေ ကွင်းထဲ ရောက်လာအောင် ဆွဲဆောင်ဖို့ပါ။ ကလပ်ကို တိုးတက်အောင်လုပ်ဖို့ သူတို့ရဲ့ ချစ်ခင်အားပေးမှုတွေ လိုအပ်တယ်။ ဒါက ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါပဲ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။