အဲဗာရက်စ်ရဲ့ ဂျာစီနံပါတ်၊ အသင်းနဲ့ ပူးပေါင်းမယ့် အချိန်တို့ကို အတည်ပြုသွားတဲ့ မန်စီးတီး

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အကြို မန်စီးတီးအသင်းနဲ့ စတင်ပူးပေါင်းဖို့ တိုက်စစ်မှူး အဲဗာရက်စ်ဟာ မန်ချက်စတာကို ဒီအပတ်မှာပဲ ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။

ဇန်နဝါရီတုန်းက မန်စီးတီးနဲ့ ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တဲ့ အဲဗာရက်စ်ဟာ Copa Libertadores ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆ သင်း ရှုံးထွက်မှာ ပါဝင်ကစားပေးခဲ့ပါပြီ။ ရေးဗားပလိတ်ဟာ နှစ်ကျော့ပေါင်း ရလဒ်နဲ့ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

အာဂျင်တီးနားကလပ်အတွက် ကစားပေးတဲ့ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၀ မှာ ကိုယ်တိုင် ၅၃ ဂိုး သွင်းယူပြီး ၃၁ ကြိမ် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့တဲ့ အဲဗာရက်စ်ဟာ မန်စီးတီးမှာတော့ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

သူဟာ ဟာလန်း၊ ကယ်ဗင်ဖီးလစ်၊ မိုရီနိုတို့နဲ့အတူ မန်စီးတီး ကစားသမားသစ်အဖြစ် ရာသီသစ်မှာ ပါဝင်သွားတော့မှာပါ။ ဟာလန်းကော အဲဗာရက်စ်ကောဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသွင်းရှင်တွေ ဖြစ်လာမယ်လို့ မှန်းဆခံထားရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး တိုက်စစ်သမားဖြစ်လာဖို့ ရေပန်းစားစာရင်းမှာ နံပါတ် ၁ နေရာက ဟာလန်း ပါဝင်နေသလို နံပါတ် ၁၀ နေရာမှာ အဲဗာရက်စ် ရပ်တည်နေပါတယ်။

ဘွန်ဒက်လီဂါကနေ ပရီးမီးယားလိဂ်ထံ ပြောင်းလာတဲ့ ပထမဆုံးရာသီ ဖြစ်ပေမယ့် ဟာလန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့် အသားကျမြန်မှာ ဖြစ်သလို အင်္ဂလန်လိဂ်ရဲ့ ခံစစ်သမားတွေကို အိပ်မက်ဆိုး ပေးနိုင်လိမ့်မယ်လို့ ယူဆထားကြပါတယ်။

မန်စီးတီးရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက ရပ်တန့်ခဲ့တာ မဟုတ်သေးဘဲ ဘရိုက်တန်မှ ဘယ်အစွန်လူ ကူကူရယ်လာအတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။