အကီ နေရာ ခံစစ် ပစ်မှတ်များ၊ တောင်ပံ တိုက်စစ် ခေါ်ဖွယ် ရှိခြင်း၊ လုခ် အမ်ဘီ၊ ကူကူရယ်လာနဲ့ မန်စီးတီး သတင်းတိုများ
ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ရာ နီးစပ်နေပြီဖြစ်တဲ့ ဗဟိုနောက်ခံလူ နေသန် အကီရဲ့နေရာကို အစားထိုးနိုင်ဖို့ရာ မန်စီးတီးအသင်း စတင်ပြင်ဆင်လာခဲ့ပြီဖြစ်ပြီး ပစ်မှတ်စာရင်းထဲမှာ ဗီလာရီးရဲလ်အသင်းရဲ့ ပါအူ တောရက်စ်၊ RB လိုက်ပ်ဇစ်အသင်းရဲ့ ယော့စ်ကို ဂါဒီယောနဲ့ ဆဗီယာနောက်ခံလူ ဂျူးလ် ကွန်ဒေတို့ ပါဝင်နေကြောင်း သိရပါတယ်။
ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်ကတော့ လိဒ်ယူနိုက်တက် ကွင်းလယ်ကစားသမား ကယ်ဗင် ဖီးလစ် ကို ပေါင် ၄၅ သန်းနဲ့ မန်စီးတီးအသင်း ခေါ်ယူသွားနိုင်မှုအပေါ် အနည်းငယ် အံ့အားသင့်နေပါတယ်။
ဝက်စ်ဟမ်းဟာ ဇန်နဝါရီလတုန်းက ထိုပမာဏထက်ပိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကယ်ဗင် ဖီးလစ် ကို ကမ်းလှမ်းခဲ့ပေမဲ့ လိဒ် ယူနိုက်တက်အသင်းက လက်မခံခဲ့ဘဲ ဒီနွေမှာတော့ မန်စီးတီးအသင်းရဲ့ကမ်းလှမ်းမှုကို သဘောတူလိုက်တာကြောင့် ဖြစ်ပါတယ်။
ရာဟင်း စတားလင်းဟာ ချဲလ်ဆီးအသင်းဆီ ပေါင် ၅၅ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်လာတဲ့နောက် မန်စီးတီးဟာ စတားလင်းနေရာ အစားထိုးဖို့ တောင်ပံတိုက်စစ်သမား တစ်ယောက် ခေါ်ယူဖွယ် ရှိလာပါတယ်။ အစောတုန်းက တောင်ပံ ကစားသမားသစ် မခေါ်ဖို့ မန်စီးတီးက ရည်ရွယ်ခဲ့ပေမယ့် အခုချိန်မှာတော့ လူသစ်ခေါ်ဖို့ စဉ်းစားလာပါတယ်။
အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းကနေ ပေါင် ၁၄.၁ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးလေး ဂျူလီယန် အယ်ဗာရက်ဇ်ဟာ ကလပ်အသင်းနဲ့ တရားဝင်ပူးပေါင်းခဲ့ပြီဖြစ်ပြီး ကျောနံပါတ် ၁၉ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
နည်းပြ ပက် ဂွာဒီယိုလာဟာ အသက် ၁၈ နှစ်အရွယ် ဗဟိုနောက်ခံကြယ်ပွင့်လေး လုခ် အမ်ဘီကို အမေရိကန် ခြေစမ်းခရီးစဉ်မှာ ခေါ်ဆောင်သွားကာ အခွင့်အရေး ပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ အင်္ဂလန်သားလေးကို နေသန် အကီရဲ့နေရာမှာ အစားထိုးသွားဖို့ ရည်ရွယ်မထားဘဲ အဲဒီနေရာအတွက် ကစားသမားသစ်တဦးသာ ခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။
မန်စီးတီးအသင်းအနေနဲ့ လာမဲ့ရက်ပိုင်းအတွင်းမှာ ဘရိုက်တန်အသင်းရဲ့ ဘယ်နောက်ခံကစားသမား မာ့ခ် ကူကူရယ်ယာကို ခေါ်ယူနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ပါတယ်။ စပိန်သားကို ဘရိုက်တန် အသင်းကလည်း ရောင်းချလိုပေမယ့် ပေါင်သန်း ၅၀ ဈေး သတ်မှတ်ထားတာကြောင့် နှစ်သင်းကြား ညှိနှိုင်းမှုတွေ ပြုလုပ်ကြဦးမှာပါ။
အသက် ၂၁ နှစ်အရွယ် ညာနောက်ခံ ကစားသမားလေး အီဆာ ကာဘိုဟေးကို တန်းတက် ကလပ် နောတင်ဟမ် ဖောရက်စ်အသင်းက ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့လည်း မန်စီးတီးအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ၎င်းကို ဆောက်ဟမ်တန်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
နေသန် အကီကတော့ ချဲလ်ဆီးအသင်းနဲ့ မနေ့ကပဲ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရသွားခဲ့ပြီး ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးက အသက် ၂၇ နှစ်အရွယ် နယ်သာလန်သား အတွက် မကြာမီမှာ တရားဝင်ကမ်းလှမ်းမှုတခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။