အကယ်ဒမီထွက် လူငယ်လေးကို လစာတိုး စာချုပ်သစ်ပေးပြီး စင်တင်တော့မယ့် မန်စီးတီး

မန်စီးတီးဟာ အသင်းရဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ ဖိုဒန်ကို လက်ရှိရနေတဲ့ တပတ်လုပ်ခထက် (၃) ဆ ပို တိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ဖီးလ် ဖိုဒန် ဟာ လက်ရှိ မန်စီးတီးမှာ တပတ်လုပ်ခ ပေါင် (၆) သောင်းခွဲသာ ရရှိနေတာပါ။

အခု သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းဘက်က ပြင်ဆင်နေပြီး စာချုပ်သစ်မှာတော့ ကစားသမားက တပတ်လုပ်ခ ပေါင် (၂) သိန်း ရရှိမှာဖြစ်ပါတယ်။ ဖိုဒန်ဟာ မန်စီးတီး အကယ်ဒမီထွက်ဖြစ်ပြီး နည်းပြ ပက် ဂွါဒီယိုလာ စင်တင်ပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။

ဖိုဒန် ဟာ အချိန်တိုအတွင်းမှာပဲ မန်စီးတီးရဲ့ အဓိက ကစားသမား တယောက်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း သူ့ရဲ့လုပ်ခလစာက အဆင့်ဆင့်တိုးမြင့်လာခဲ့တာပါ။

ဒါ့အပြင် အသစ်ရရှိမယ့် လုပ်ခပမာဏက ဖိုဒန်ကို အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားတွေထဲက တယောက်အဖြစ် မှတ်တမ်းဝင်စေမှာဖြစ်ပါတယ်။ မန်စီးတီးဟာ ဖိုဒန်အပြင် ရိုဒရီကိုလည်း စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်ထားပါတယ်။

ရိုဒရီ ဟာ လက်ရှိမှာ တပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ ရရှိနေပြီး စာချုပ်သစ်ချုပ်ဖြစ်ခဲ့ရင်တော့ အခုထက် ပိုမို ရရှိမှာဖြစ်ပါတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂွါဒီယိုလာရဲ့ အဓိကအားကိုးရတဲ့ ကွင်းလယ် ခံစစ်သမားဖြစ်ခဲ့ပါတယ်။

ဖိုဒန်နဲ့ရိုဒရီနှစ်ယောက်လုံးရဲ့ စာချုပ်သက်တမ်းတွေက နှစ်နှစ်စီ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် မန်စီးတီးကတော့ စာချုပ် သက်တမ်း နောက်ဆုံးနှစ်အတွင်း ရောက်သွားရင် ကစားသမားတွေကို ထိန်းရခက်နိုင်တာကြောင့် စာချုပ်သစ် အတွက် အခုလိုပဲ စောစောစီးစီး ပြင်ဆင်နေတာဖြစ်ပါတယ်။