အကီနဲ့ ဇင်ချန်ကို တို့ အတွက် မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်တဲ့ မန်ချက်စတာ စီးတီး

မန်ချက်စတာစီးတီးရဲ့ ခံစစ် ကစားသမားတွေ ဖြစ်တဲ့ အကီနဲ့ ဇင်ချန်ကိုတို့ဟာ ဒီတလောမှာ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ဒီကစားသမား နှစ်ယောက်လုံး အတွက် မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချထားပြီ ဖြစ်တယ် လို့ သိရပါတယ်။

ဗဟိုခံစစ်သမား အကီကို သူ့ရဲ့ အသင်းဟောင်း ချယ်ဆီးအသင်းက ပြန်ခေါ်ဖို့ ကြိုးစားနေသလို အာဆင်နယ်ကလည်း မျက်စိကျနေပါတယ်။ ဒါ့အပြင် ဘယ်စွန်ခံစစ်သမား ဇင်ချန်ကို ကိုလည်း အာဆင်နယ်က ပစ်မှတ်ထား ချိတ်ဆက်လာခဲ့တာပါ။

အကီက ချယ်ဆီးအသင်းထံ ပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ပေးခဲ့ပြီး ဖြစ်ပေမယ့် နည်းပြ ပက် ဂွာဒီယိုလာနဲ့ ပြောဆိုဆွေးနွေး အပြီးမှာတော့ မန်စီးတီးအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးကလည်း အကီကို ဆက်ထိန်းထားမှာပါ။

ဇင်ချန်ကို အတွက်တော့ မန်စီးတီးက ဒီနွေ အစမှာ ရောင်းဖို့ မရည်ရွယ်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှု ရလာချိန်မှာတော့ ပေါင် ၃၅ သန်း လို့ ဈေးသတ်မှတ် ပေးလိုက်ပါတယ်။ ထိုတန်ကြေး ပမာဏ ရှိတဲ့ ကမ်းလှမ်းမှု ရလာရင်တော့ မန်စီးတီးက ဇင်ချန်ကို ကို ရောင်းချမယ် လို့ လမ်းဖွင့်လိုက်ပါတယ်။

အာဆင်နယ်က ဒီနွေကာလမှာ တောက်လျောက် ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နေပြီး ဇင်ချန်ကို ကိုလည်း အရ ခေါ်ယူဖွယ် ရှိနေပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက ကွင်းလယ်ပါ အားဖြည့်ချင်နေသေးတာ ဖြစ်ပြီး ဇင်ချန်ကို ဟာ မန်စီးတီးမှာသာ အစွန်ခံစစ် ကစားပေမယ့် နိုင်ငံအသင်းမှာ ကွင်းလယ်က ပါဝင် ကစားသူ ဖြစ်တာကြောင့် အာတီတာက အကြိုက်တွေ့နေပါတယ်။ ဇင်ချန်ကိုနဲ့ ပတ်သတ်တဲ့ ကမ်းလှမ်းမှု ကိုတော့ လာမယ့် ရက်ပိုင်းမှာ ရဖွယ် ရှိနေပါတယ်။