လာမယ့် ရာသီ ပရီးမီးယားလိဂ်ကလည်း မန်စီးတီးဖလားပဲ လို့ ကြိုဟောကိန်းထုတ်လိုက်တဲ့ ပေါလ်မာဆင်
ဘောလုံးပွဲ သုံးသပ်ဆရာကြီး ဖြစ်တဲ့ ပေါလ်မာဆင် ဟာ လာမယ့် ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ရာသီမှာလည်း မန်စီးတီး အသင်းပဲ ပရီးမီးယားလိဂ် ဆုဖလားရရှိသွားဦးမယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက မန်စီးတီးအသင်းဟာ ကျဉ်းမြောင်းတဲ့ အမှတ်ကွာဟချက်နဲ့ လီဗာပူးအသင်းကို အသာရကာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ်နောက်ဆုံး ၅ နှစ်အတွင်း ၄ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ တစ်မှတ် အကွာနဲ့ အဆင့် ၂ ရပ်တည်ခဲ့ပြီး လန်ဒန် အသင်းဖြစ်တဲ့ ချဲလ်ဆီးက အဆင့် ၃ မြောက်လန်ဒန် တော့တင်ဟမ်က အာဆင်နယ်ကို ကျော်ဖြတ်ကာ အဆင့် ၄ နဲ့ ရာသီ သိမ်းနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်း က ဒီနွေမှာ ဒေါ့မွန် ကစားသမား အာလင်း ဟာလန်းကို ဝယ်ယူထားပြီး အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဂျေးဆပ်နဲ့ စတာလင်ကို အာဆင်နယ်နဲ့ ချဲလ်ဆီးထံ အသီးသီး ရောင်းချထားပါတယ်။ ဒါပေမယ့် မာဆင်ကတော့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ အားနည်းသွားမှာ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။
“မန်စီးတီးအသင်းပဲ ဖလားထပ်ရလိမ့်ဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။ မြေကြီးလက်ခတ်မလွဲ ဖြစ်မယ့်အရာလို့တော့ မဆိုလိုဘူးပေါ့”လို့ ပေါလ်မာဆင်ကဆိုပါတယ်။
“ဟာလန်း ရောက်ရှိတာက ပက်ဂွာဒီယိုလာအတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါက အဆုံးသတ်ပြီလို့ ပြောတာမဟုတ်ပါဘူး။ တဖက်မှာ လီဗာပူးကလည်း အလုပ်လုပ်နေပါတယ်။ ဂျေးဆပ်နဲ့ စတာလင် ထွက်ခွာမှုကတော့ မနှစ်က သူတို့နှစ်ယောက်ပေါင်း စီးတီးအတွက် သွင်းဂိုး ၃၀ အထိရှိခဲ့ပါတယ်။ ဒါကတော့ ပြဿနာ ရှိနိုင်ပါတယ်”
“လီဗာပူးအတွက်လည်း အားကိုးအားထားပြုရမယ့် ကစားသမား မာနေး အသင်းကထွက်ခွာထားပါတယ်။ သူက အသင်းအတွက် အရေးပါတဲ့ ဂိုးသွင်းယူပေးနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
လီဗာပူးအတွက် နူဇက်ဟာ လူးဝစ် ဒီယက်လို မြန်မြန် အထိုင်ကျဖို့ လိုအပ်နေပါတယ်။ တကယ်လို့ နူဇက် အသင်းနဲ့ မြန်မြန် အသားကျမှုရခဲ့မယ်ဆိုရင် ဒီနှစ်လည်း ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာပါ။ အဲ့လိုမဟုတ်ရင်တော့ ဒီနှစ်လည်း မန်စီးတီးပဲ ဖလား ထပ်ရဦးမှာပါ” လို့ ပေါလ်မာဆင်က ဆိုပါတယ်။