အမေရိကန် ခရီးစဉ် ပါခွင့်မရတဲ့ ဖိုဒန်၊ ဂွမ်ဒိုဂန်နဲ့ ဂျွန်စတုန်းတို့ လူငယ်တွေနဲ့အတူ ခရိုအေးရှား ရောက်ရှိခဲ့ပါပြီ

မန်စီးတီး စီနီယာအသင်းနဲ့အတူ အမေရိကန် ခရီးစဉ်ကို လိုက်ပါသွားခြင်း မရှိတဲ့ စီနီယာ အသင်းသား ၃ ဦးဟာ လူငယ်အသင်းနဲ့အတူ ခရိုအေးရှားကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဂွမ်ဒိုဂန်ဟာ COVID-19 ကာကွယ်ဆေးကို တစ်ကြိမ်ပဲ ထိုးထားသေးတာကြောင့် အမေရိကန် ခရီးစဉ်ကို လိုက်ပါမှာ မဟုတ်ဘဲ ချန်လှပ်ခံခဲ့ရတယ်လို့ The Athletic က ဖော်ပြပါတယ်။

မနှစ်ကနွေမှာ ဂွမ်ဒိုဂန်ဟာ ကိုဗစ်ကာကွယ်ဆေး ထိုးခဲ့ပြီး ကိုဗစ်လည်း ကူးစက်ခံထားရပြီးပါပြီ။ ဒါကြောင့် ဂျာမာန် ဥပဒေအရ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူဟာ ကာကွယ်ဆေး အပြည့်အဝထိုးပြီးတဲ့ သဘော သက်ရောက်ထားပါတယ်။

ဒီနွေမှာ ဂွမ်ဒိုဂန်ကို အမေရိကန်ခရီးစဉ်ထံ ခေါ်ယူသွားဖို့ လုပ်ဆောင်ရာမှာ ပြည်ဝင်ခွင့်အတွက် အနည်းဆုံး ကာကွယ်ဆေး ၂ ကြိမ် ထိုးဖို့ လိုအပ်ခဲ့ပါတယ်။ သူက ဆေးထိုးဖို့ လုပ်ခဲ့ပေမယ့် ဇွန်လတုန်းကပဲ ကိုဗစ်ကူးစက်ခံထားရတာမို့ ၃ လအတွင်း negative မဖြစ်မချင်း ကာကွယ်ဆေး မထိုးဖို့ ဆရာဝန်က ညွှန်ကြားခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ ဂွမ်ဒိုဂန်ဟာ ကာကွယ်ဆေးထိုးလို့ မရသလို အမေရိကန် ခရီးစဉ်ကိုလည်း လိုက်ပါခွင့် မရတော့ပါဘူး။ ဒါကြောင့်ပဲ ကွင်းလယ်လူက ယူ-၂၃ အသင်းနဲ့အတူ ခရိုအေးရှားကို လိုက်ပါသွားပြီး ရာသီကြို ပြင်ဆင်မှာဖြစ်ပါတယ်။

စီနီယာအသင်းသားတွေဖြစ်တဲ့ ဖိုဒန်နဲ့ ဂျွန်စတုန်းတို့ကလည်း အမေရိကန် ခရီးစဉ်ကို လိုက်ခွင့်မရဘဲ ယူ-၂၃ အသင်းနဲ့ ခရိုအေးရှားကို လိုက်ပါသွားပါမယ်။ သူတို့ နှစ်ဦးကို စီနီယာလူစာရင်းကနေ ဘာလို့ ချန်လှပ်ခဲ့သလဲတော့ မသိရသေးပါဘူး။

ကစားသမားတွေရဲ့ ဆေးထိုးမှု မှတ်တမ်းနဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေကို ကာယကံရှင်တွေဘက်က ထုတ်ဖော်ပြောဆိုမှု မလုပ်လိုရင် တရားဝင် ချပြခွင့် မရှိဘူးလို့ နားလည်ထားရပါတယ်။

မန်စီးတီးဟာ အမေရိကန် ခရီးစဉ်ပြီးရင်တော့ ဇူလိုင်လ ၃၀ ရက်နေ့ ကင်းပါဝါမှာ လီဗာပူးနဲ့ ကွန်မြူနတီဒိုင်း ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။