လာမယ့် ရာသီ ကစားပုံ ပြောင်းလဲဖွယ် ရှိတဲ့ မန်ချက်စတာစီးတီးရဲ့ အခြေအနေ

မန်ချက်စတာစီးတီးဟာ လာမယ့် ဘောလုံးရာသီသစ်မှာ အသင်းရဲ့ကစားပုံ ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီက ဖွင့်ပြောလာပါတယ်။

ဒီ နွေရာသီ အပြောင်းအရွှေ့မှာ လက်ရှိအချိန်အထိ မန်စီးတီးက ကစားသမားသစ် လေးဦး ခေါ်ယူထားခဲ့ရာ ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်တိုက်စစ်မှူး ဟာလန်းလည်း ပါဝင်ပါတယ်။

ကယ်ဗင် ဖီးလစ်စ်၊ စတီဖန်အော်တေဂါနဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်တို့ကလည်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဆီကို ပူးပေါင်းလာခဲ့ပြီးနောက်မှာ စီးတီးကွင်းလယ်လူ ရိုဒရီက အသင်းအနေနဲ့ ယခင် ကစားပုံကစားကွက်တွေနဲ့ ရာသီသစ်ကို ယှဉ်ပြိုင်ဖွယ် မရှိဘူးလို့ ပြောဆိုလာပါတယ်။

“ တခါတရံမှာတော့ အဆင်ပြေပြေလည်ပတ်နေတာတွေကို သွားမထိရတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ကစားသမား သစ်တွေ ရောက်ရှိလာရင်တော့ မင်းအနေနဲ့ လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲရပါမယ်။ ဒါတွေက ယေဘုယျ အားဖြင့်တော့ မတူကွဲပြားတဲ့အရာတွေဆီ၊ ကောင်းမွန်တဲ့အရာတွေဆောင်ယူဖို့ လုပ်ဆောင်နေရတာပဲလေ”လို့ စပိန်သား ကွင်းလယ်လူက ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ စီးတီးကိုတာဝန်ယူခဲ့တဲ့ ပက်ဂွါဒီယိုလာက ပရီးမီးယားလိဂ်နောက်ဆုံးခြောက်ရာသီမှာ လေးကြိမ်အထိ ဗိုလ်စွဲနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ အခုအချိန်အထိ အောင်မြင်မှုမရသေးပါဘူး။

၂၀၂၁ ခုနှစ်မှာ အသင်းမှ ကလပ်ဂန္တဝင်ကစားသမား အဂူရို ထွက်ခွာသွားပြီးနောက်ပိုင်း N0.9 Role တိုက်စစ်မှူးသစ် တစ်ယောက်ရှာဖွေဖို့ ရုန်းကန်ခဲ့ရတဲ့ မန်စီးတီးအနေနဲ့ စတာလင်၊ ဖိုဒန်တို့ကို တိုက်စစ်မြှားဦးမှာ ကစားပေးဖို့ အသုံးပြုခဲ့ရပါတယ်။

အခုနွေရာသီမှာတော့ မန်စီးတီးတိုက်စစ်ပိုင်းက စတာလင်နဲ့ ဂျီးဆပ်စ်တို့က ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဆီ အသီးသီးပြောင်းရွှေ့ သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ ဒေါ့မွန်အတွက် ပွဲ ၃၀ ကစား၊ ၂၉ ဂိုးသွင်းယူပေးခဲ့တဲ့ ပေါင် ၅၁ သန်းတန် တိုက်စစ်မှူးက မန်စီးတီးရဲ့တိုက်စစ်ပိုင်းပြဿနာအတွက် အဖြေတစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

“ ကျွန်တော်တို့ False 9 လို ကစားပုံမျိုးနဲ့ သုံးနှစ်လောက် ကစားခဲ့ပြီး ဒီကစားပုံက အောင်မြင်မှုတွေ ဆောင်ယူနိုင်တာ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့က အပြောင်းအလဲနည်းနည်းလေး လုပ်နေတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”လို့ ရိုဒရီက ဆက်ပြောခဲ့ပါတယ်။

ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မန်စီးတီးက လာမယ့် တနင်္ဂနွေနေ့မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိပါတယ်။