ခြေစမ်းပွဲမှာ လူချ ကစားခံခဲ့ရတဲ့ အကြောင်း ဖွင့်ဟလာတဲ့ မန်စီးတီး ကွင်းလယ်တိုက်စစ် ဂရီးလစ်ရှ်
မန်စီးတီး ကွင်းလယ် တိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ်က ကလပ် အမေရိကအသင်းနဲ့ ရာသီကြို ခြေစမ်း ပွဲစဉ်အတွင်း သူ လူချကစားခံခဲ့ရတဲ့ အကြောင်း ဖွင့်ဟလာပါတယ်။ ထိုပွဲမှာ မန်စီးတီးက ၂-၁ နဲ့ အနိုင် ရခဲ့တာပါ။
သူ့အပေါ် ပြိုင်ဘက် အသင်း ကစားသမားတွေ လူချ ကစားခဲ့သော်လည်း ဒီလိုဖြစ်ရပ်တွေကို ဂရုမစိုက်ဘူးလို့ ဂရီးလစ်ရှ် က ထုတ်ပြော လာပါတယ်။ ဒီပွဲစဉ်မှာ မန်စီးတီးနဲ့ ပွဲထွက်ပါဝင်ကစားခွင့်ရတဲ့ ဂရီးလစ်ရှ်ကတော့ ပြိုင်ဘက် အသင်းသားတွေနဲ့ အချင်းများမှုတွေနဲ့အတူ ပွဲကို သက်ဝင် လှုပ်ရှားစေခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင် ကစားသမားက ပွဲချိန် ၂၅ မိနစ်မှာ ကလပ် အမေရိက ဂိုးသမား အိုချူအာနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သလို ပထမပိုင်း ပွဲချိန် ပြီးဆုံးခါနီးမှာလည်း ပြိုင်ဘက် ဂိုး ဧရိယာထဲမှာ လူချ ကစားတာ ခံခဲ့ရပြီးနောက် ပယ်နယ်တီ ပြစ်ဒဏ် မရရှိတဲ့ အပေါ် အပြင်းအထန် ပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ဘက် အသင်း ပရိသတ်တွေကလည်း သူ ဘောလုံး ထိချိန်တိုင်းမှာ လှောင်ပြောင်မှုတွေ ရှိခဲ့သလို ကလပ် အမေရိက ကစားသမားတွေကလည်း သူ့အပေါ် ကစားပုံ ကြမ်းတမ်းစွာနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် အသက်-၂၆ နှစ်အရွယ် ကစားသမားကို ဘရာဇီးလ် လူငယ် ကစားသမား ကေးကီနဲ့ စီးတီးနည်းပြ ပက်ဂွါဒီယိုလာက လူစားလဲခဲ့ပါတယ်။
ဒီပွဲစဉ်မှာတော့ ဂရီးလစ်ရှ်အနေနဲ့ ကွင်းလယ်ဒိုင်ဆီက ပယ်နယ်တီ ၂ လုံး ရရှိဖို့ မျှော်လင့်ခဲ့သလို ကဲ့ရဲ့ ရှုံချမှုတွေ အပေါ် ဘယ်လို လက်ခံ ထားသလဲ ဆိုတာ ရှင်းပြသွားပါတယ်။“ ပြိုင်ဘက်ရဲ့ ဒီလိုလူချ ကစားခံရတာတွေ အပေါ် ကျွန်တော် စိတ်ထဲမထားပါဘူး။ ကျွန်တော် ဒီဖြစ်ရပ်တွေကိုတော့ ပြန်ကြည့်ခဲ့ပါတယ်။ ပယ်နယ်တီ ၂ လုံးလောက် ရခဲ့သင့်တာပါ။
ကျွန်တော် ကွင်းလယ်ဒိုင်ကို ‘ဒါက ပယ်နယ်တီ မဟုတ်ရင် ကျွန်တော့်ကို အဝါကတ် ပြဦးမှာလား’လို့ သွားမေး ခဲ့ပါသေးတယ်။ သူကတော့ ဒါက ထိတွေ့မှု ဖြစ်စဉ် တစ်ခုလို့ပဲ ပြောပါတယ်။ ‘ထိတယ်ဆိုရင် ဘာလို့ ပယ်နယ်တီ မပေးတာလဲ’လို့ ကျွန်တော် ပြန်ပြောခဲ့ပါတယ်။

ပြိုင်ဘက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကိုလည်း ကျွန်တော် နေရာတိုင်းမှာ ရရှိခဲ့ပါတယ်။ ကျွန်တော် ဒါတွေကို ကြိုက်ပါတယ်။ ဒီလို လှောင်ပြောင်မှုတွေက ကျွန်တော်က လက်ခံပေးလိုက်ပြီး သူတို့ရဲ့လုပ်ရပ်တွေ မှားယွင်းနေတယ်ဆိုတာ သက်သေပြချင်ပါတယ်။ ကန်ဆယ်လိုကတော့ မင်းက ဒါမျိုးကို ဘာလို့ကြိုက်တာလဲလို့ ကျွန်တော့်ကို မေးပါတယ်။
ကျွန်တော်က ‘ငါလည်း မသိဘူး။ အက်စတွန်ဗီလာမှာကတည်းက ဒါမျိုးတွေ ကြုံခဲ့ရဖူးလို့ ငါ ဒါမျိုးကို ကြိုက်တယ်။ ဒီလိုဖြစ်ရပ်တွေက ငါ့ကို ရှေ့ဆက်စေနိုင်တယ်။ ဒါကြောင့် ငါ့အပေါ် လူချကစားတာတွေ၊ လှောင်ပြောင်တာတွေ အပေါ် စိတ်ထဲမထားတက်ဘူး’လို့ ပြန်ပြောပြခဲ့တယ်”လို့ ဂရီးလစ်ရှ်က ပြောဆိုသွားတာပါ။
ကလပ် အမေရိကနဲ့ ပွဲစဉ်မှာ အခု နွေရာသီ အပြောင်းအရွှေ့ မန်စီးတီးက ခေါ်ယူထားတဲ့ တိုက်စစ် ကြယ်ပွင့် ဟာလန်း ပါဝင်မကစားနိုင်ခဲ့ပေမယ့် အသင်းအဓိကကစားသမား ဒီဘရိုင်းက အထူးခြေစွမ်းပြပြီး မန်စီးတီးအတွက် သွင်းဂိုး ၂ ဂိုး စွမ်းဆောင်ပေးခဲ့ပါတယ်။
