ဟာလန်း ပါမယ့် ပွဲ၊ ကူကူရယ်လာ အခြေအနေ၊ ထရိန်နင် ပြန်ပါတော့မယ့် ၃ဦးနဲ့ ယနေ့ည မန်စီးတီး သတင်းတိုများ

ညာနောက်ခံကစားသမား ကိုင်းလ် ဝေါလ်ကာကတော့ လာမဲ့ရာသီမှာ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ရာ အခုကတည်းက အာရုံစိုက် ကြိုးစားနေပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက‌တော့ ဒီနေ့ခေတ် အပြောင်းအရွှေ့ အခြေအနေတွေနဲ့ လှုပ်ခတ်မှု ဇာတ်လမ်းတွေနဲ့ ပတ်သတ်ပြီး အခုလို သုံးသပ်သွားပါတယ်။

“ ကလပ်အသင်း အနည်းစု တချို့တွေက လုပ်တိုင်း ဖြစ်ပါတယ်။ ပြောရရင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေပေါ့။ ဒီလိုအသင်းတွေက ခေါ်ယူဖို့ ကြိုးစားလာပြီဆိုရင် ကစားသမားတိုင်းက သွားချင်ကြတာပါပဲ။ ဘာပြဿနာမျှ မရှိပါဘူး။ အခြားကလပ် အသင်းတွေ ဆိုရင်တော့ ငွေပိုပေးရင်တောင်မှ မလာချင်ကြတာမျိုး ရှိပါတယ်။” လို့ ဂွာဒီယိုလာက မှတ်ချက်ပြုခဲ့ပါတယ်။

မန်စီးတီး တိုက်စစ်ကြယ်ပွင့်သစ် အာလင်း ဟာလန်းဟာ ဒီနေ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမဲ့ ခြေစမ်းပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပထမဆုံး ပွဲထွက်လာနိုင်တယ်လို့လည်း နည်းပြ ပက် ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။ “တကယ်ကိုတော့ သူ အိပ်ရာပေါ်က ပြုတ်ကျပြီး ခြေကျင်းဝတ် မကျိုးသွားခဲ့ရင်ပေါ့။” လို့ စပိန်သားကြီးက အရွှန်းဖောက်ကာ ပြောပါတယ်။

ဟာလန်းဟာ မန်စီးတီး အသင်းအတွက် အမှန်တကယ်ကို ကောင်းမွန်လွန်းတဲ့ အင်အားဖြည့်တင်းမှုတရပ်ဖြစ်ကြောင်း တိုက်စစ်ကစားသမား ရီးယက်ဒ် မာရက်ဇ်က ချီးကျူးသွားခဲ့ပါတယ်။ “တကယ်ကို ကောင်းမွန်လွန်းတဲ့ ခေါ်ယူမှုပါပဲ။ အရမ်းကောင်းတဲ့ ကစားသမားဖြစ်တယ်။ ငယ်တယ်။ သူလို ကစားသမားမျိုးကို ကျွန်တော်တို့အသင်း ပိုင်ဆိုင်ခဲ့ရတာ ကောင်းပါတယ်။” လို့ မာရက်ဇ်က ဆိုပါတယ်။

ဘယ်နောက်ခံလူနေရာအတွက် မန်စီးတီးအသင်း ချိတ်ဆက်နေတဲ့ ကစားသမားတွေထဲမှာ ဘယ်လ်ဂျီယံကလပ် KRC ဂျန့်အသင်းရဲ့ ဘယ်နောက်ခံလူ ဟယ်ရာဒို အာတေရာဒါလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် မက္ကဆီကိုသားလေးဟာ ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၇၇ ပွဲ ကစားထားပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။

မာ့ခ် ကူကူရယ်လာ ကို ခေါ်ယူဖို့ မန်စီးတီး ကြိုးစားနေတဲ့ အခြေအနေကတော့ သိပ်ထူးခြားခြင်း မရှိသေးဘဲ ကလပ်အသင်းနှသင်းကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်က ဘရိုက်တန်ရဲ့ သတ်မှတ်တန်ကြေး မြင့်မားမှုကို စိတ်ပျက်နေပြီး လျှော့ချပေးဖို့ တွန်းအားပေးနေကြောင်းလည်း သိရပါတယ်။

ဂိုးသမားလေး မူရိစ်ဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း မန်စီးတီးအသင်းက တရားဝင် ကြေညာ ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကိုဆိုဗိုလက်ရွေးစင်ကြယ်ပွင့် အတွက် မန်စီးတီးအသင်းဟာ ပေါင် ၂.၅ သန်း ရရှိခဲ့ပြီး ထပ်ဆောင်းကြေး၊ အနာဂတ်ရောင်းချမှုကနေ ရာခိုင်နှုန်းအချို့ ခံစားခွင့်နဲ့ ပြန်လည်‌ခေါ်ယူခွင့်စတဲ့ အချက်တွေကိုလည်း ထည့်သွင်းနိုင်ခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဂွန်ဒိုဝမ်၊ တိုက်စစ်ကစားသမားလေး ဖိုဒန်နဲ့ ဗဟိုနောက်ခံလူ ဂျွန် စတုန်းစ်တို့ဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပြီး မနက်ဖြန်မှာ မန်ချက်စတာကို ပြန်လာတော့မယ်လို့ သိရပါတယ်။ အဆိုပါကစားသမား ၃ ဦးဟာ နောက်တပတ် အင်္ဂါနေ့ကစပြီး လီဗာပူးလ်အသင်းနဲ့ ကစားရမဲ့ ကွန်မြူနတီပွဲအတွက် လေ့ကျင့်ခန်း စ ဆင်းနိုင်တော့မယ်လို့လည်း သိရပါတယ်။