တိုက်စစ်မှုးသစ် ဟာလန်းရဲ့ သွင်းဂိုးနဲ့ ဂျာမန်ဘီလူး ဘိုင်ယန်ကို မန်စီးတီး အနိုင်ယူခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ
မန်ချက်စတာ စီးတီးရဲ့ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲကတော့ တိုက်စစ်မှုးသစ် ဟာလန်း ရဲ့ သွင်းဂိုးနဲ့ပဲ မန်စီးတီးက ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပထမပိုင်း ပွဲကစားချိန် ၁၂ မိနစ်မှာ ဂျက် ဂရီးလစ်ရှ်ရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို အာလင်း ဟာလန်းက လျှောထိုး ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းက ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဟာလန်းရဲ့ သွင်းဂိုးအပြီး ၁ မိနစ်အကြာမှာပဲ လျှပ်စီးမိုးကြိုးကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရပြီး ၅၅ စက္ကန့်အကြာမှာ ပွဲပြန်လည်စတင်ခဲ့ပြီး နော်ဝေတိုက်စစ်မှူးဟာ ဒုတိယဂိုးကို သွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် နောက်ခံလူရဲ့ လျှောထိုးဖျက်ထုတ်မှုကြောင့် ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ မန်စီးတီးရဲ့ ဖိအားပေးကစားပုံကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး မကြာခဏ ၎င်းတို့ရဲ့ ကွင်းဘက်ခြမ်းကနေ မန်စီးတီး ကွင်းဘက်ခြမ်းကို ကူးပြောင်းနိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်ဆင်ခဲ့တဲ့အချိန်မှာ ရောဘတ် လီဗန်ဒေါ့ဗ်စကီးရဲ့ အဆုံးသတ် စွမ်းရည် ပျောက်ဆုံးနေခဲ့ပြီး ဂနာဘရီရဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုဟာ ဘိုင်ယန်မြူးနစ်ရဲ့ ပွဲစဉ်အတွင်း အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့တာဖြစ်ပါတယ်။
ရာသီဥတုဆိုးရွားမှုကြောင့် ပွဲအချိန် နှောင့်နှေးခဲ့ရတဲ့အတွက် ပထမပိုင်းနဲ့ ဒုတိယပိုင်းကို မိနစ် ၄၀ အထိသာ အကန့်အသတ်နဲ့ ကစားခဲ့ရပြီး မိနစ် ၈၀ မှာ ပွဲပြီး ဝီစီမှုတ်ချိန်မှာတော့ လက်မှတ်ကုန်တဲ့အထိ ကွင်းပြည့်ကွင်းလျှံ လာရောက်အားပေးတဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေ ဆူညံသွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ လာမယ့် စနေနေ့မှာ ယခုရာသီရဲ့ ပထမဆုံး ဆုဖလားအတွက် တိုက်ပွဲဝင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ အိမ်ပြန်ကြမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ဂျာမန် စူပါဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်သလို မန်ချက်စတာ စီးတီး အသင်းကလည်း လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။