လီဗာပူးနဲ့ ကွန်မြူနတီဒိုင်း ယှဉ်ပြိုင်ရမှာကို စောင့်မျှော်နေတဲ့ ဟာလန်း
မန်စီးတီးက ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို တိုက်စစ်မှူးသစ် ဟာလန်းက သွင်းယူခဲ့ပါတယ်။
အသင်းဖော် ဂရီလစ်ရဲ့ ဘယ်ခြမ်းကနေ ချပေးမှုကို ဟာလန်းက လျောထိုး ဝင်ပိတ်ခဲ့ခြင်းဖြစ်ကာ ဒီနိုင်ပွဲကပဲ ဒေါ့မွန်ကစားသမားဘဝ ဘိုင်ယန်မြူးနစ်ကို ၇ ပွဲဆက်တိုက် အရေးနိမ့်ခဲ့တဲ့ ဟာလန်းအတွက် ဂျာမနီချန်ပီယံတွေကို ပထမဆုံးအကြိမ် အနိုင်ရဖူးခြင်းပဲ ဖြစ်ပါတယ်။
ပွဲထါက်လူစာရင်းကနေ ပါဝင်ခွင့်မရခဲ့တဲ့ ဟာလန်းဟာ လူစားဝင်လာပြီး ၁၂ မိနစ် အကြာမှာ ဒီသွင်းဂိုးကို ရခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်လို့ ရာသီဥတု အခြေအနေ အတော်လေး ဆိုးရွားလာခဲ့တာကြောင့် ပွဲက မျှော်လင့်ထားတာထက် စောပြီး သိမ်းခဲ့ရတာမို့ ဟာလန်းရဲ့ ခြေစွမ်းကို ဆက်ကြည့်ခွင့် မရခဲ့ပါဘူး။
ရာသီကြို ပြင်ဆင်မှုအတွင်း ခြေစမ်းပွဲ ၂ ပွဲကစားရာမှာ ၂ ပွဲနိုင် ရလဒ် ရယူထားနိုင်ခဲ့တာပါ။ အသင်းဖော် ဂရီလစ်နဲ့ ပတ်သက်ပြီး ဟာလန်းက “ ဂရီလစ်က ကောင်းပါတယ်။ သူက ပိုပိုကောင်းလာတယ်။ ကျနော်တို့ကြား ချိတ်ဆက်မှုတွေလည်း တိုးတက်လာတယ်။ သူနဲ့က ပျော်ဖို့ကောင်းပါတယ် ” လို့ ချီးကျူးခဲ့ပါတယ်။
ရာသီကြို ပြင်ဆင်မှု အခြေအနေအပြင် မကြာခင်မှာ ထိပ်တိုက်တွေ့ရမယ့် လီဗာပူးအသင်းနဲ့ ပတ်သက်လို့လည်း ဟာလန်းက “ ၆ ပတ်လောက် ဘောလုံးမကစားခဲ့ရာကနေ ပထမဆုံးအကြိမ် ပြန်ကစားနိုင်ခဲ့တာအတွက် ခံစားချက်က သိပ်ကောင်းပါတယ်။
ဒိပွဲက ဘိုင်ယန်မြူးနစ်ကို ၇ ပွဲဆက်တိုက် အရေးနိမ့်ထားအပြီး ပထမဆုံးအကြိမ် ပြန်လည် အနိုင်ရခြင်း ဖြစ်ပါတယ်။ အသင်းရဲ့ အရည်အချင်းတွေက ကောင်းပါတယ်။ ဒါက လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲ မတိုင်ခင် သိပ်ကောင်းတဲ့ စမ်းသပ်မှုပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းက သြစတြီးယားမှာ ရာသီကြို လေ့ကျင့်နေခြင်းဖြစ်ကာ ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတွေဟာ ဒီလအကုန် ကင်းပါဝါကွင်းမှာ ကွန်မြူနတီဒိုင်းကို ထိပ်တိုက် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။