ဟာလန်းကို ချီးကျူးတဲ့ ဒီဘရိုင်း၊ ကူကူရယ်လာ အခြေအနေ၊ ပျော်နေတဲ့ အယ်ဗာရက်ဇ်နဲ့ ယနေ့ မန်စီးတီး သတင်းတိုများ

မန်စီးတီးအသင်းဟာ ညာနောက်ခံ လူငယ် ကစားသမားလေး ယန်း ကူတိုကို လာလီဂါကလပ် ဂျီရိုနာအသင်းထံ တရာသီအငှားနဲ့ စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ကယ်ဗင် ဒီဘရိုင်း ကတော့ အာလင်း ဟာလန်းနဲ့ပတ်သက်လို့ “သူဟာ အရမ်းကိုပဲ ကောင်းကောင်း စွမ်းဆောင်ပြနေပါတယ်။ ဂိုးရှေ့က သူ့အရည်အသွေးတွေကို အားလုံး သိပြီးသားပါပဲ။ ဒါပေမဲ့လည်း ကြံ့ခိုင်မှု အပြည့်အဝ ဖြစ်‌လာစေဖို့ အချိ န်တခုတော့ ပေးရမှာပါ။ သူဟာ မန်စီးတီးအတွက် ဂိုးပေါင်းများစွာကို သွင်းယူပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” ဆိုပြီး ချီးကျူးခဲ့ပါတယ်။

တိုက်စစ်ကစားသမားလေး ဂျူလီယန် အယ်ဗာရက်ဇ်ကလည်း မန်စီးတီးအသင်းမှာ ပျော်ရွှင်နေပြီဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။

“ကျွန်တော် ပျော်နေပါတယ်။ ရာသီကြိုကာလဟာ အရမ်းမြန်တယ်ဗျာ။ အများကြီး ဖြစ်လာခဲ့တယ်။ ကျွန်တော့်အနေနဲ့ စိတ်အေးအေးထားပြီး မန်စီးတီး အတွက် အကောင်းဆုံးတွေကိုပဲ ပေးသွားချင်ပါတယ်။ ဒီထက်ပိုကောင်းလာအောင်လည်း ကြိုးစားသွားမှာပါ။ မန်စီးတီးအသင်းရဲ့ ကစားဟန်နဲ့လည်း အသားကျလာပြီလို့ ထင်ပါတယ်။” လို့ အာဂျင်တိုင်းသားလေးက ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ဘယ်နောက်ခံကစားသမား မာ့ခ် ကူကူရယ်လာအတွက် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို အခုထက်ထိ ပြုလုပ်ခြင်း မရှိသေးပါဘူး။ စပိန်သားအတွက် ကနဦးကမ်းလှမ်းမှုဖြစ်တဲ့ ပေါင်သန်း ၃၀ တန် ကမ်းလှမ်းချက်ကို ဘရိုက်တန်ဘက်က ပယ်ချခဲ့ပြီးနောက် အပြောင်းအရွှေ့ဟာ တန့်နေပါတယ်။ ဘရိုက်တန်ကတော့ သူတို့ကြယ်ပွင့်အတွက် ပေါင်သန်း ၅၀ ဈေးခေါ်ထားတာပါ။

ဒါပေမဲ့လည်း ဘရိုက်တန်အနေနဲ့ အသက် ၂၄ နှစ်သားရဲ့ တန်ကြေးကို လျှော့ချပေးလိမ့်မယ်လို့ မန်စီးတီးအသင်းဘက်က မျှော်လင့်ထားပါတယ်။ ကူကူရယ်လာ ကလည်း အဲဒီအတွက် ဘရိုက်တန်ကို တွန်းအားပေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ စီးတီးရဲ့ ကနဦးကမ်းလှမ်းချက်ဟာ ကစားသမားဖြစ်သူကို မတည်မငြိမ် ဖြစ်လာအောင် ရည်ရွယ်ရင်းဖြစ်ပြီး အဲဒီနောက်မှာမှ သဘောတူညီမှုရယူနိုင်ဖို့ ဖိအားပေး ကြိုးစားသွားမှာ ဖြစ်ပါတယ်။

လူငယ် ဘယ်နောက်ခံကစားသမားလေး ဂျော့ရှ် ဝယ်လ်ဆင် အက်ရှ်ဘရန်းကို လာမဲ့ရာသီမှာ အခွင့်အရေးပေးသွားနိုင်တဲ့အကြောင်း နည်းပြ ပက် ဂွာဒီယိုလာက အရိပ်အမြွက် ဆိုခဲ့ပါတယ်။ အသက် ၁၉ နှစ် အရွယ် အင်္ဂလန်သားလေးဟာ ရာသီကြိုကာလမှာ ခြေစွမ်းကောင်းနဲ့ အလားအလာကောင်းတွေကို ပြသနေနိုင်သူ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဆမ်မြူရယ် အက်ဒိုဇီကို ဘွန်ဒက်လီဂါကလပ် လေဗာကူဆင် အသင်းသာမက ဆောက်သမ်တန်အသင်းကပါ ကြိုးစားလာပါတယ်။ မန်စီးတီးအသင်းနဲ့ လေဗာကူဆင်တို့ကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ နီးစပ် နေချိန်မှာ သူတော်စင်တွေက ကြားဝင်လာခဲ့တာဖြစ်ပြီး ခေါ်ယူနိုင်ဖို့ အဆုံးစွန်အထိ ကြိုးစားသွားမယ်လို့ သိရပါတယ်။