ဒီနွေ မန်စီးတီးကနေ ထွက်ခွာသွားတဲ့ ကစားသမား ၃ဦးကို သေချာ ချီးကျူးနှုတ်ဆက်လိုက်တဲ့ ပက် ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက အခုနွေရာသီမှာ အသင်းကနေထွက်ခွာသွားတဲ့ စတာလင်၊ ဂျေးဆုနဲ့ ဇင်ချန်ကိုတို့ကို စီးတီးက လာမယ့် ရာသီသစ်မှာ လွမ်းဆွတ်သတိရနေလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာကပဲ ကစားသမားသစ်တွေဖြစ်တဲ့ ဟာလန်း၊ ကယ်ဗင်ဖီးလစ်စ်နဲ့ ဂျူလီယန်အဲဗာရက်ဇ်တို့အနေနဲ့ စီးတီးအတွက် နောက်ဆုံး ၇ ရာသီမှာ ငါးကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိဖို့ ကူညီနိုင်လိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးက ပက် ဂွါဒီယိုလာလက်ထက် လေးကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်လီဗာပူးကို ကျော်ဖြတ်ကာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပက်ဂွါဒီယိုလာရဲ့ အသင်းအတွက် ဒီနှစ်ဘောလုံးရာသီသစ်ပထမဆုံး ပွဲစဉ်ကိုတော့ စနေနေ့ညပိုင်းမှာ အဓိကပြိုင်ဖက်ကြီး လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာပါ။

မန်စီးတီးအသင်း ဝက်ဘ်ဆိုဒ်မှတဆင့် ပက်ဂွါဒီယိုလာက “ ဒီနေရာမှာ ကလပ်အတွက် ဆုံးဖြတ်ချက်တွေ၊ ကစားသမားတွေအတွက် ဆုံးဖြတ်ချက်တွေပဲ ရှိပါတယ်။ မင်း ရှိနေချင်တဲ့နေရာမှာပဲ မင်း ရှိနေရမယ်လို့ ကျွန်တော် ဒီကလပ်မှာ စ တာဝန်ယူတဲ့နေ့ကစပြီး ပြောခဲ့ပါတယ်။

စတာလင်၊ ဂျေးဆုနဲ့ ဇင်ချန်ကိုတို့အားလုံးကို ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့အားလုံး အတူတကွ လုပ်ဆောင်နိုင်ခဲ့တယ်။ သူတို့ မရှိခဲ့ရင် ကျွန်တော်တို့လည်း ဒီလိုအောင်မြင်မှုတွေရလာဖို့ မရှိဘူးဆိုတာပါပဲ။

စတာလင်က မယုံကြည်နိုင်စရာ၊ မခန့်မှန်းနိုင်စရာ ပေါက်ကွဲမှုမျိုးတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူရဲ့ ဂိုးတွေပိုမိုသွင်းယူချင်တဲ့ ဆန္ဒနဲ့ ဂိုးဖန်တီးမှုတွေ ပိုလုပ်ပေးချင်တဲ့ဆန္ဒကို ကျွန်တော်မြင်ခဲ့ရပါတယ်။ စတာလင်ကစားပုံရဲ့ အကျိုးသက်ရောက်မှုနဲ့ ဒဏ်ရာပြဿနာကင်းရှင်းတဲ့ပုံစံက တကယ့် ထိပ်တန်းပဲလို့ ကျွန်တော်ပြောချင်ပါတယ်။

ဇင်ချန်ကို ကလည်း ကောင်လေး တစ်ယောက်အဖြစ် အသင်းကိုရောက်လာခဲ့တယ်။ သူက နယ်သာလန်မှာ အငှားထွက်ကစားခဲ့တယ်။ ကျွန်တော် တို့ သူ့ကို ရောင်းချလိုခဲ့ပေမယ့် သူက ဒီကလပ်မှာပဲ ဆက်နေချင်တယ် လို့ ပြောခဲ့တာပါ။ လူတိုင်းအိပ်နေချိန်မှာ သူက gym သွားပြီး အပို လေ့ကျင့်ရေးအစီအစဉ်တွေကို ပြုလုပ်နေခဲ့တာပါ။ ပြီးတော့ သူက သူရဲ့အချိန်ရောက်လာလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။

သူ့ အတွက် အချိန်ကောင်းတစ်ခုရောက်လာချိန်မှာတော့ ဇင်ချန်ကိုက အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ သူက တကယ့်ထိပ်တန်း ကစားသမားကောင်း တစ်ယောက်ဖြစ်လို့ ကျွန်တော်တို့ သူ့ကို သတိရနေပါလိမ့်မယ်။ ကောင်လေးက ဖိအားတွေကို မယုံကြည်နိုင်ဖို့ကောင်းအောင် ကိုင်တွယ်နိုင် ခဲ့သလို သူ့ဆီမှာ မယုံကြည်နိုင်လောက်ဖွယ် မိမိကိုယ်ကို ယုံကြည်မှုတစ်ခု ရှိနေပါတယ်။

ဂျေးဆု က ကျွန်တော်အလုပ်တွဲလုပ်ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားဖြစ်ပါတယ်။ ဆာဂျီယိုအဂူရိုနဲ့ ပွဲထွက်ခွင့် ရဖို့ ယှဉ်ပြိုင်ရတယ်ဆိုတာက ကြီးမားတဲ့ စမ်းသပ်မှုကြီးတစ်ခုပါ။ သူက ငါးမိနစ်လောက် ကစားရရင်တောင်မှ သူ့ဘဝရဲ့ အကောင်းဆုံးငါးမိနစ်ကို ကစားခဲ့ပါတယ်။

ပွဲစဉ်တစ်ခုမှာ ဂျေးဆုက ဆယ်စက္ကန့်လောက်အတွင်း ပြိုင်ဖက်ကစားသမား သုံး၊လေးယောက်လောက်အထိကို ဖိအားပေးကစားနိုင်စွမ်း ရှိပါတယ်။ ဖြစ်ရပ် အများစုမှာ ကျွန်တော့်အတွက် ဒီလိုခံစားမှုတွေ ရစေခဲ့လို့ ကျွန်တော်တို့ သူတို့အားလုံးကို သတိရနေကြမှာပါ။ ဒါက ဘဝပဲဖြစ်လို့ သူတို့ရဲ့ အောင်မြင်မှုတွေက ကျွန်တော်တို့ရဲ့ ပျော်ရွင်မှုတွေ ဖြစ်လာပါလိမ့်မယ်”လို့ ပြောဆိုသွားပါတယ်။