ဒီည လီဗာပူးနဲ့ ပွဲမှာ ပါဝင်ဖို့ ဟာလန်းက ရယ်ဒီပဲ လို့ ပွဲကြို အသိပေးလိုက်တဲ့ နည်းပြ ပက် ဂွါဒီယိုလာ

ဒီနေ့ည ကင်းပါဝါကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ တိုက်စစ်မှုး ဟာလန်း ပါဝင်ကစားဖို့ ကြံ့ခိုင်မှု အပြည့်အ၀ ရှိနေပြီလို့ ဂွါဒီယိုလာက အတည်ပြုပြောဆိုလိုက်ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကနေ မန်စီးတီးဆီ ပြောင်းရွှေ့လာတဲ့ ဟာလန်းက အသင်းသစ်နဲ့အတူ ရာသီကြို ခြေစမ်းပွဲတွေမှာ မိနစ် ၄၀ လောက် ပါဝင်ကစားထားပါတယ်။ ဂွါဒီယိုလာကတော့ ဟာလန်းရဲ့ ကြံ့ခိုင်မှုပိုင်းကို အသေအချာ ဂရုတစိုက်နဲ့ စီမံခန့်ခွဲပေးနေပြီး တိုက်စစ်မှူးသစ်ကို ဒီနေ့ညကစားမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ထည့်သွင်း အသုံးပြုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီနေ့ညပွဲမှာ ဟာလန်း ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူ့အပေါ် ပထမဆုံးအမြင်ကတော့ သူက အမှန်တကယ်ကောင်းမွန်ပြီး ရယ်စရာကောင်းတဲ့ ကောင်လေး တစ်ယောက်ပါ။ သူက အသင်းနဲ့အတူ အမှန်တကယ်ကိုပဲကောင်းမွန်စွာ အံဝင်ခွင်ကျဖြစ်လာနေပါတယ်။ ဒါက အရေးကြီးဆုံးအချက်ပါ။

လူတွေက ဒါကို အရေးကြီးတဲ့အရာလို့ မထင်ကြပေမယ့် ဒါက တကယ့်ကို အရေးကြီးတဲ့ အရာတစ်ခုပါ။ အဝတ်လဲခန်းထဲက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေက မင်းပြောနိုင်တဲ့ အရာတွေ၊ အခြားအကြံဉာဏ်တွေထက် ပိုပြီးအရေးပါပါတယ်”လို့ ပက်ဂွါဒီယိုလာက ပြောသွားပါတယ်။

နော်ဝေး လက်ရွေးစင်တိုက်စစ်မှူးကတော့ မန်စီးတီးအတွက် ပွဲဦးထွက် အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းသစ် အတွက် သူရဲ့ ဗွေဆော်ဦးဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ ဟာလန်းရဲ့ အခြေအနေ အတွက် ကျေနပ်နေပါတယ်။

“ဟာလန်းက ကောင်းကောင်းမွန်မွန်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက ကျွန်တော် သူနဲ့ စကားပြောဖြစ်ချိန် သူနည်းနည်းတော့ စိတ်ရှုပ်နေခဲ့ပုံရပါတယ်။ ဒါပေမယ့် သူ လေ့ကျင့်ရေးဆင်းနေပြီး ရှေ့ဆက်နိုင်မှာပါ။ ဩဂုတ်လကုန်ပိုင်းလောက်ဆိုရင်တော့ သူက အခုထက်ကို အများကြီးပိုကောင်းလာပါလိမ့်မယ်။

အခုချိန်မှာတော့ ကျွန်တော်တို့ တစ်ပတ် တစ်ပွဲနှုန်းလောက်ပဲ ကစားရပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်းပိုလုပ်နိုင်မှာပေါ့။ ဒီကာလတွေ ပြီးရင်တော့ ကျွန်တော်တို့ သုံးရက် တစ်ပွဲ၊ လေးရက်တစ်ပွဲကစားရမယ့် ရူးလောက်စရာ ပွဲစဉ်ဇယားနဲ့ ရင်ဆိုင်ရမှာပါ။

လီဗာပူးနဲ့ မန်စီးတီးအတွက်ဆိုရင် ဒီပြိုင်ပွဲကနည်းနည်းလေးစောပြီး ရောက်လာတယ်လို့ ကျွန်တော် ထင်မြင် ယူဆမိပါတယ်။ ဒါပေမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်ဆိုတာက အမြဲတမ်းပဲ အစောဆုံး ကျင်းပတဲ့ ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့ အသားကျရပါမယ်”လို့ ဂွါဒီယိုလာက ဆက်ပြောခဲ့ပါတယ်။