အဲဗာရက်ဇ်၊ မငိုရုံတစ်မယ် ဒီဘရိုင်း၊ စောင့်ကြည့်ရမယ့် ဟာလန်းနဲ့ ညက ကွန်မြူနတီဒိုင်းပွဲမှာ ပြောစရာ အချက်များ
မန်စီးတီးဟာ ညက လီဗာပူးကို ရင်ဆိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ၃-၁ နဲ့ အရေးနိမ့်ကာ ဘောလုံးရာသီသစ်ကို ဖလားမြှောက်ဖွင့်နိုင်ခွင့် လက်လွှတ်ခဲ့ရပါတယ်။ ဒီပွဲကနေ မြင်သာခဲ့တဲ့ အချက်တချို့ကို စုစည်းတင်ပြလိုပါတယ်။
လျှော့တွက်လို့ မရတဲ့ အဲဗာရက်ဇ်
ပွဲချိန် ၅၈ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဟူလီယန် အဲဗာရက်ဇ်ကတော့ တကယ်ပဲ လျှော့တွက်လို့ မရတဲ့ လူစားမျိုးဖြစ်ပြီး စီနီယာဟောင်း ဆာဂျီယို အဂွေရိုရဲ့ အငွေ့အသက်နဲ့ လွှမ်းမိုးမှုတွေကို ပြသနိုင်ခဲ့တာပါ။
ဒီနေ့ပွဲမှာ တောင်ပံကနေ နေရာယူပြီး ဟားလန်းဘေးက ကစားပေါက် ချောင်ဖို့နဲ့ တိုက်စစ်မှာ နေရာစုံ ရွေ့လျားကစားဖို့ လွတ်လပ်ခွင့် ရခဲ့တဲ့ အဲဗာရက်ဇ် အနေနဲ့ တုံ့ဆိုင်းနှောင့်နှေးခြင်း မရှိဘဲ ဖိုဒန်နဲ့ အက်ဒရီယန်တို့ဆီက စင်ထွက်လာတဲ့ ဘောလုံးကို လက်လွတ်မခံဘဲ ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ရုန်းကန်နေရတဲ့ ဒီဘရိုင်း
မန်စီးတီးအသင်းရဲ့ Assist King ကီဗင် ဒီဘရိုင်း တစ်ယောက်တော့ ဒီနေ့ပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဂွါဒီယိုလာရဲ့ သူ့ကို တွဲလွှတ်လိုက်တဲ့ ဘာနာဒို ဆေးလ်ဗားက အသင်းပြောင်းမှာလိုလို ဘာလိုလိုနဲ့ ခြေစွမ်းပျောက်နေခဲ့သလို ဂျက်ခ် ဂရီးလစ်ရှ်၊ ရီယက် မာရက်ဇ်တို့ရဲ့ မြို့မေတ္တာခံယူတဲ့ ကစားပုံနဲ့တော့ ဘယ်လ်ဂျီယမ်သားမှာ မငိုရုံတစ်မယ်ပါပဲလို့ ဆိုရတော့မလိုပါ။
မန်စီးတီးတို့အနေနဲ့ ဒီကစားသမား သုံးယောက်ကို လောလောဆယ်မှာ အားကိုးဖို့ မဖြစ်နိုင်သေးဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပြီး ဂါဘရီယယ်လ် ဂျေးဆု ကို လက်လွှတ်ခဲ့ရတာက အာလင်း ဟားလန်းကို ရလိုက်တာနဲ့ ချိန်ဆရင် သာသလား နာသလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ဟာလန်း လိုအပ်နေတဲ့ ပံ့ပိုးမှု

ညက တစ်ပွဲတည်းနဲ့တော့ ပေါင် ၅၁ သန်းတန် နော်ဝေတိုက်စစ်မှူးကို ဂျင်းဖြစ်သွားပြီလို့ မဆိုနိုင်ပါဘူး။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ခြေတစ်လှမ်း နောက်ကျတာ၊ ဆုံးဖြတ်ချက် တစ်ချက်မှားလိုက်တာနဲ့ ဂိုးမရတတ်ဘူးဆိုတဲ့ သင်ခန်းစာလေးကိုတော့ သင်ယူဖို့ လိုအပ်နေပါတယ်။
ဒါ့အပြင် သူ့ရဲ့ ခံစစ်တန်းကြားက ပြေးထွက်ပြတဲ့ ဂိုးရှေ့နေရာယူမှုတွေဆီ ကောင်းကောင်းမွန်မွန်ပေးနိုင်မယ့် တောင်ပံသမားနဲ့ နောက်ခံ အစွန်လူတွေ လိုအပ်နေပြီး ဒီနေ့ပွဲမှာ ဘယ်သူကမှ သူ့အကြိုက်ကို လုပ်မပေးနိုင်ခဲ့ကြတာကတော့ ဂွါဒီယိုလာမှာ တာဝန်ရှိနေပြီဖြစ်ပါတယ်။
