ကွန်မြူနတီဒိုင်းပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် ငွေတံဆိပ် ဆု ကို တက်မယူဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်ချက်စတာ စီးတီး

မန်စီးတီးအသင်းဟာ ရာသီ အဖွင့် ပွဲ အဖြစ် မဟာပြိုင်ဘက် လီဗာပူးနဲ့ ညက ကွန်မြူနတီဒိုင်း ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အတွက် ပေးအပ်တဲ့ ဒုတိယဆုတံဆိပ်တွေကို တက်မယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စနေနေ့ည ကင်းပါဝါကွင်းက ရာသီကန့်လန့်ကာအဖွင့် ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးတို့ ဒိုင်းရသွားပြီးနောက် အရှုံးသမား ဆုတံဆိပ်ကို တက်မယူကြဖို့ ကွန်မြူနတီဒိုင်းဒုတိယရ မန်စီတီးတို့က ရွေးချယ်ခဲ့ကြပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ လီဗာပူးတို့က အောင်ပွဲခံရစ်ခဲ့ကြပြီး ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ငြိမ်သက်နေခဲ့ရပါတယ်။ ဒီနောက် ဒုတိယ ဆုရှင်များအတွက် ငွေဆွဲပြားများပေးအပ်ဖို့ စီစဉ်ပြင်ဆင်ထားခဲ့ပေမဲ့ သူတို့ရဲ့ဆုတံဆိပ်တွေကိုလက်မခံဖို့ မန်စီးတီး က ရွေးချယ်ခဲ့ကြတယ်လို့ အိုင်တီဗီရဲ့အဆိုအရသိရပါတယ်။

အဲဒီအစား ကွင်းထဲကခပ်မြန်မြန်မထွက်ခွာခင် လီဗာပူးတို့ကို လက်ခုပ်တီးဂုဏ်ပြုပေးဖို့ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ ကွင်းထဲကထွက်ခွာချိန်မှာ ဆွဲပြားတွေ သူတို့လက်ထဲရောက်သွားလား မရောက်သွားလား မသေချာပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဂွာဒီယိုလာ က ခုလို ပြောဆိုခဲ့ပါတယ်။

“ဒါပေါ့ ဆုတံဆိပ်တွေ ကျနော်တို့လက်ခံခဲ့ပါတယ်၊ အဝတ်လဲခန်းထဲမှာ ဆုတံဆိပ်တွေရှိပါတယ်။ ဆုတံဆိပ်တွေ ကျနော်တို့လက်ခံခဲ့ပါတယ်။” လို့ပဲ ပြန်ဖြေခဲ့ပါတယ်။

နောက်တပတ်ကန်ရမယ့် ဝက်စ်ဟမ်းတို့နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်မီ သူတို့အသင်း ပိုကောင်းလာဖို့လိုတယ်လို့ ပွဲအပြီးမှာ ဂွာဒီယိုလာက ဝန်ခံခဲ့ပါတယ်။

“လီဗာပူးတို့ကို ကွန်ဂရက်ကျူလေးရှင်းစ်ပါ။ ပထမပိုင်း ၁၅ မိနစ်၊ မိနစ် ၂၀ လောက် သူတို့ကပိုကောင်းခဲ့ပါတယ်။ အဲဒီနောက်တော့ ကျနော်တို့ ကိုယ့်ပွဲကိုပြန်ရခဲ့ပြီး နောက်ဆုံး ၂၅ မိနစ်ကလည်း အတော်လေးဆင်တူပါတယ်၊ သူတို့နေရာလွတ်တွေချန်သွားတဲ့အချိန် ကျနော်တို့ အရောက်သွားပြီး တိုက်စစ်ဆင်ဖို့ကြိုးစားခဲ့ပါတယ်။”

“ဒုတိယပိုင်းမှာ ကျနော်တို့ တကယ် ကောင်းမွန်စွာစတင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ဂိမ်းက အဲဒီမှာပါ။ ဒီအသင်းနဲ့ယှဉ်ပြီး ကျနော်တို့ တကယ် ကောင်းခဲ့တာပါ၊ ပထမပိုင်းမှာတောင်မှပဲ အနိုင်ရဖို့လုံလောက်တဲ့ အခွင့်အရေးတွေ ကျနော်တို့ဖန်တီးခဲ့တာပါ။”

“ရာသီကို မစခင်အထိ နှစ်ပတ်နဲ့နောက်ထပ်ရက်နည်းနည်းလောက် ကျနော်တို့အချိန်ရခဲ့ပါတယ်။ သူတို့တွေ အရာအားလုံးကို ဘယ်လို ပေးဆပ်နေကြတယ်ဆိုတဲ့အပေါ် ကျနော်ဂုဏ်ယူရကြောင်း ကစားသမားတွေကို ကျနော်ပြောခဲ့ပါတယ်။”

“ကျနော်တို့ တိုးတက်ရဦးမှာပါ။ ကိုယ်လုပ်ရမယ့်အရာတွေနဲ့ တိုင်မင်က သိပ်မကိုက်လှပါဘူး၊ အထူးသဖြင့်တော့ ကိုယ့်တမ်ပိုကိုရဖို့ ဒီလလေ့ကျင့်ရေးနဲ့ ပွဲတွေကို ကျနော်တို့လိုအပ်နေတဲ့အချက်ကြောင့်ဖြစ်ပြီး ဒါကို ကျနော်တို့လုပ်မှာပါ။” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဝင်ဘလေကွင်းမှာ လက်စတာစီးတီးတို့ကို ကပ်ရှုံးခဲ့တာကြောင့် မန်စီးတီးတို့က ရာသီပေါင်းများစွာအတွင်း ကွန်မြူနတီဒိုင်းကို ထပ်မံ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။